ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့က ကိုင်ရိုမြို့တော်ကို ရောက်ခဲ့ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဒုတိယအဆင့်ဆွေးနွေးပွဲ စတင်နိုင်ဖို့ အီဂျစ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေကြောင်း ဟာမတ်စ်ပြောခွင့်ရက ပြောပါတယ်။ အပစ်ရပ်ရေး ဒုတိယအဆင့်ဆွေးနွေးနိုင်ဖို့ အီဂျစ်နဲ့ကာတာက ကြားဝင် စေ့စပ်ပေးနေတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ အီရန်နဲ့ နျူကလီယား သဘောတူညီချက်ရဖို့ညှိနှိုင်းလိုကြောင်းနဲ့ မတ်လ ၆ ရက် ကြာသပတေးနေ့ကတော့ အီရန်ခေါင်းဆောင်ဆီကို စာတစောင် ပေးပို့ခဲ့တာဖြစ်ပြီး အီရန်ရဲ့ အဓိကရန်သူဖြစ်တဲ့ အမေရိကန်ရဲ့ ကာလတာရှည် မဟာမိတ်ဖြစ်တဲ့ အစ္စရေးကသဘောတူမယ်လို့ မျှော်လင့်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။
ရုရှားက ယူကရိန်းကို မတ်လ ၇ ရက် သောကြာနေ့မှာလည်း လေကြောင်းနဲ့ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်အောင် ကြားဝင်ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ချက်ထားနေဆဲဖြစ်ပါတယ်။ ရုရှားဟာ မစ်ဇိုင်းဒုံး အလုံး ၂၀၀ ကျော်နဲ့ ယူကရိန်းကို တညလုံး တိုက်ခိုက်ခဲ့တာပါ။
မြန်မာနိုင်ငံ အေးချမ်း၊ လုံခြုံမှုနဲ့ တည်ငြိမ်ရေးကိုထိခိုက်စေပြီး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်တဲ့ စစ်ကောင်စီ အကြီးတန်းအရာရှိကြီး ၁၃ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို ကနေဒါက ဒဏ်ခတ်အရေးယူလိုက်ကြောင်း သောကြာနေ့မှာ ကြေညာပါတယ်။ စနစ်တကျ လူ့အခွင့်အရေးချိုးဖေါက်မှုကြောင့်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်အတွက် ကုလသမဂ္ဂရဲ့ အချိုးကျ ထောက်ပံ့ငွေလျှော့ချမှုတွေ မလုပ်ရအောင် အရေးပေါ်အကူငွေ ချထားပေးဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP က ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က မတ်လ ၇ ရက်မှာ ပြောပါတယ်။
The King's Music Room “ဘုရင်ရဲ့ ဂီတအခန်း” လို့ နာမည်ပေးထားတဲ့ အွန်လိုင်းတေးသီချင်း ၁၇ ပုဒ် စာရင်းကို ဗြိတိန်ဘုရင်ကြီးကိုယ်တိုင် ရွေးချယ်ခဲ့ပြီး ဓနသဟာယ နိုင်ငံများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ ၁၀ ရက် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ Apple Music ရဲ့ ကမ္ဘာလုံးဆိုင်ရာရေဒီယိုလိုင်းတွေမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်
ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံတွေကို ဟားမက်စ်အနေနဲ့ လွှတ်ပေးရမယ်လို့သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးခြိမ်းခြောက်လိုက်ပါတယ်။ ရေရှည်ခံတဲ့အပစ်ရပ်ရေးရမှဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမက်စ် အဖွဲ့ က ပြောဆိုပြီး အမေရိကန် နဲ့ အစ္စရေးက ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
အမေရိကန်ရဲ့ အဓိကကုန်သွယ်ဖက်အိမ်နီးချင်း ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေက ကုန်ပစ္စည်းတွေအပေါ် ၂၅% သွင်းကုန်ခွန်ကောက်ခံမှုကြောင့် အမေရိကန်အစုရှယ်ယာဈေးတွေကျနေချိန်မှာ နှစ်နိုင်ငံလုံးက ကုန်ပစ္စည်းအများစုအပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို ဧပြီ (၂) ရက်နေ့အထိဆိုင်းထားဖို့ သမ္မတက ကြာသပတေးနေ့ညနေမှာအမိန့်ထုတ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ထဲမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေဆက်ဖြစ်နေတာနဲ့အတူ ကြာသပတေးနေ့က စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် (၁၄၀) နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသက ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာအားလုံးကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီလို့ ဘေဂျင်းမြို့တော်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ပြောသွားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရအရန်ဘဏ္ဍာငွေကြေးကို Bitcoin ဒီဂျစ်တယ်ငွေကြေးနဲ့ပါထားဖို့ အွန်လိုင်းမှာ လည်ပတ်သုံးစွဲနေကြတဲ့ ဒီဂျစ်တယ်ငွေကြေးတွေထဲကတခုဖြစ်တဲ့ Bitcoin ကို မဟာ ဗျူဟာမြောက် အရန်ဘဏ္ဍာအဖြစ် ထားနိုင်အောင်ဆောင်ရွက်ကြောင်းအမိန့်ကို ကြာသပတေးနေ့ က သမ္မတ Trump လက်မှတ်ထိုးခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လူစည်ကားတဲ့ Gare du Nord (ဂါဒူနောဒ့်) နိုင်ငံတကာ ဘူတာရုံနားမှာ ဒုတိယကမ္ဘာစစ်ပွဲတုန်းက မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ခဲ့လို့ ပြင်သစ်ကနေ နိုင်ငံတကာသွားတဲ့ မီးရထားခရီးစဉ်တွေ ဒီနေ့ ဖျက်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံက မြန်မာလူမျိုးတွေ နေထိုင်အလုပ်လုပ်နေကြတဲ့ ဒေသတော်တော်များများမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေ လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ ထိုင်းတောင်ပိုင်းမှာဆိုရင် တရားမဝင်ဈေးရောင်းနေကြတဲ့ အထောက်အထားမရှိတဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရပါတယ်။
အာဖရိက ဦးချိုဒေသမှာ ရှိကြတဲ့ ကုန်သွယ်ဖက်အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတကာ လူသားချင်း စာနာမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ဖို့ ပြင်ဆင်ရေး အစီအစဥ်တွေ တိုးတက်အောင် လုပ်ဆောင်နေကြပါတယ်။ ကင်ညာနိုင်ငံ Nairobi မြို့ကနေ Juma Majanga သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
တိုင်ဝမ်ရဲ့ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုကော်ပိုရေးရှင်း TSMC က အမေရိကန်မှာ ဒေါ်လာဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာဟာ အမေရိကန်-တိုင်ဝမ်ဆက်ဆံရေး အတွက် သမိုင်းတွင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တိုင်ဝမ်သမ္မတ Lai Ching-te က ပြောကြားလိုက်ပါတယ်။
အမေရိကန်က အခွန်တိုးကောက်ခံမှုကို ဧပြီ ၂ ရက်နေ့အထိ ရွှေ့ဆိုင်းထား ကြောင်းနဲ့ သူ့ပထမ သမ္မတသက်တမ်း တုန်းက ၂၀၁၈ မှာ မက်ဆီကိုနဲ့ ကနေဒါတို့နဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်စာချုပ်မှာပါတဲ့ အမေရိကန်ကုမ္ပဏီတွေကနေ မက်ဆီကိုပို့ကုန်တွေ တင်သွင်းမှုကိုတော့ အခွန်ကောက်မှာ မဟုတ်ကြောင်း သူ့ရဲ့ လူမှုမီဒီယာကနေ ပြောခဲ့တာပါ။
ဘယ်လ်လာရုစ်နိုင်ငံဟာ မြန်မာနဲ့ ၂ နိုင်ငံကုန်သွယ်ရေးမှာရော စီးပွါးဆက်ဆံမှုမှာပါ တိုးမြှင့်ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ဘယ်လ်လာရုစ်နိုင်ငံ Minsk မြို့ကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံအပြီးမှာ ဒုဝန်ကြီးချုပ် Yuri Shuleiko က ကြေညာချက် ထုတ်ပြန်ပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းကိုယ်စားလှယ်တွေနဲ့ဆွေးနွေးဖို့ သူဟာ ဆော်ဒီအာရေဗျကို သွားမှာဖြစ်ကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff က ပြောပါတယ်။ ဆွေးနွေးပွဲကို Riyadh ဒါမှမဟုတ် Jeddah မှာ ကျင်းပဖို့ ယူကရိန်းနဲ့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ရာနဲ့ချီကို ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ဒီနေ့ ပြန်ပို့ခဲ့ပါတယ်။ မြဝတီမြို့ကနေ မြန်မာဘက်ကပြန်ပို့တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကနေ ပြန်ပို့ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ အထောက်အထားမဲ့နိုင်ငံထဲဝင်လာသူတွေကို အရေးမယူဘဲ နားခိုခွင့်ပေးထားတဲ့ မြို့ရဲ့ မူဝါဒတွေ၊ အခြေအနေနဲ့ ပတ်သက်ပြီး မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကော်မတီကြားနားပွဲအတွင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဒီအကြောင်း Kane Farabaugh ရဲ့သတင်းကို ကိုရန်နိုင် ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်