ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ သူဟာ ဆော်ဒီအာရေဗျကို သွားမှာဖြစ်ကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff က ကြာသပတေးနေ့မှာပြောပါတယ်။
ဆွေးနွေးပွဲကို Riyadh မှာ ဒါမှမဟုတ် Jeddah မှာ ကျင်းပဖို့ ယူကရိန်းနဲ့ ပြောဆိုနေကြပြီ ဖြစ်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် မူဘောင်ချမှတ်ဖို့နဲ့ ကနဦး အပစ်ခတ် ရပ်စဲရေးအတွက် ဆွေးနွေးဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ကြား အခြေအတင်ဖြစ်ခဲ့ရတဲ့ ပြီးခဲ့တဲ့ သောကြာနေ့ သမ္မတအိမ်ဖြူတော်က တွေ့ဆုံပွဲ နောက်ပိုင်း သမ္မတ Zelensky က တောင်းပန်ခဲ့သလို၊ အမေရိကန်ဟာ ယူကရိန်းအတွက် အများအပြားဆောင်ရွက်ခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပေးပို့ခဲ့တဲ့စာဟာ အလွန်ကို အပြုသဘောဆောင်တဲ့ ပထမ ခြေလှမ်း တရပ် အဖြစ် သမ္မတထရမ့်က ခံယူကြောင်းလည်း အထူး ကိုယ်စားလှယ်က ပြောပါတယ်။
တချိန်ထဲမှာပဲ သမ္မတ Zelenskyy ဟာ ဘရပ်ဆဲလ်မှာ ဥရောပခေါင်းဆောင်တွေနဲ့ အတူ အရေးပေါ် ဆွေးနွေးပွဲတက်ရောက် နေတာပါ။
အီးယူဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk က ဥရောပ အနေနဲ့ ရုရှားထက် ပိုပြီး ထိရောက် မြန်ဆန်စွာ လက်နက်တပ်ဆင်မှာ ဖြစ်ကြောင်း ပြောသလို ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen ကလည်း အဖွဲ့ဝင် ၂၇ နိုင်ငံ အနေနဲ့ လာမယ့် ၄ နှစ် အတွင်း ဥရောပ ကာကွယ်ရေး အသုံးစားရိတ် အတွက် ဒေါ်လာ ၈၆၃ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုတာနဲ့ အတူ ဒါ့ထက် ပိုသုံးဖို့ စီစဉ်နေကြောင်း ပြောပါတယ်။
ယူကရိန်း သမ္မတက ဥရောပဟာ အပြောမဟုတ်ပဲ လက်တွေ လုပ်ဆောင်တာအတွက် ကျေးဇူးတင်ကြောင်း ပြောသလို ပြင်သစ်သမ္မတ Emmanuel Macron ကတော့ ဥရောပရဲ့ အနာဂတ် အတွက် အမေရိကန်နဲ့ ရုရှားက အဆုံးဖြတ်ပေး မှာ မဟုတ်ကြောင်း ပြောပါတယ်။ အခုလို အီးယူ အဖွဲ့ဝင်တွေ ဆွေးနွေးပွဲ မလုပ်ခင်ကလည်း ပြင်သစ် သမ္မတက အခု အမေရိကန်က ထရမ့်အစိုးရသစ် လက်ထက်မှာ အမေရိကန်ရဲ့ ယူကရိန်းအပေါ် ပံံ့ပိုးမှု အပြောင်းအလဲဖြစ်မှာကို စိုးရိမ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Forum