တရုတ်နိုင်ငံမှာ မကြုံစဖူး Coronavirus ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ရင်ဆိုင်နေရတာကြောင့် တရုတ်အစိုးရဟာလည်း ဒါကို ဟန့်တား ကာကွယ်နိုင်ဖို့ မလုပ်စဖူးတဲ့ အတိုင်းအတာနဲ့ ဆောင်ရွက်နေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ်ဌာန အကြီးအကဲ ဒေါက်တာ Michael Ryan က ပြောပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးပြီး ၆,၀၀၀ နီးပါး ရေဂါပိုး ကူးစက်ခံထားရတာကြောင့် တကမ္ဘာလုံးက ဒီကိစ္စကို သတိထား စောင့်ကြည့်ကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။
“တကမ္ဘာလုံးက အခုချိန်မှာ သတိနဲ့စောင့်ကြည့်ဖို့ လိုအပ်နေပါပြီ။ ဒီ ဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့နေရာ အပါအဝင် တခြား ကူးစက်မှုရှိတဲ့ နေရာတွေကနေ ကူးစက် ပြန့်ပွားလာနိုင်ခြေရှိတဲ့ အခြေအနေတွေ အတွက် တကမ္ဘာလုံးက ကြိုတင် ပြင်ဆင်ထားကြဖို့ လိုအပ်နေပါပြီ။”
Coronavirus နဲ့ပတ်သက်လို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ပြန်ရောက်လာတဲ့ အချိန် ဒေါက်တာ Ryan က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က အဲဒီလို ပြောကြားလိုက်တာပါ။
ဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားတဲ့ Hubei ပြည်နယ်၊ Wuhan မြို့ဟာ အဓိကနေရာအဖြစ် အခုချိန်ထိ ရှိနေပြီး ရောဂါနဲ့ဆိုင်တဲ့ အချက်အလက်တွေဟာ နာရီနဲ့အမျှ ပြောင်းလဲနေတာကြောင့် ပြောင်းလဲမှုနဲ့အညီ သတင်းထုတ်ပြန်ပေးနေကြောင်း ဒေါက်တာ Ryan က ပြောပါတယ်။
Coronavirus စတင်ဖြစ်ပွားတဲ့ အချိန်ကစလို့ ဗိုင်းရပ်စ်ပိုးနဲ့ ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ တရုတ်အစိုးရက ထုတ်ပြန်ပေးနေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်းလည်း ဒေါက်တာ Michael Ryan က ပြောပါတယ်။
Your browser doesn’t support HTML5
Coronavirus ကိစ္စ တကမ္ဘာလုံး သတိထားဖို့ WHO တပ်လှန့်နှိုးဆော်
(Unicode)
Coronavirus ကိစ်စ တကမ်ဘာလုံး သတိထားဖို့ WHO တပျလှန့ျနှိုးဆောျ