Venezuela နိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေသစ်ကို ရေးဆွဲဖို့ပြင်ဆင်နေတဲ့ သမ္မတ Nicolas Maduro ရဲ့အစီအစဉ်တွေ ရပ်သွားစေဖို့ ရည်ရွယ်ချက်နဲ့ ကြာသပတေးနေ့မှာ အထွေထွေသပိတ်မှောက်ကြဖို့ အတိုက်အခံတွေက ဆော်သြထားပါတယ်။
သမ္မတရွေးကောက်ပွဲတွေ စောပြီးကျင်းပနိုင်ဖို့ သမ္မတ Maduro အပေါ် နောက်ဆုံးထိုးနှက်မှုလို့ အတိုက်အခံတွေက ပြောပြီး အထွေထွေသပိတ်ဆင်နွဲဖို့ ပြင်ဆင်နေကြတာပါ။ ဖွဲ့စည်းပုံသစ်ရေးဆွဲဖို့ အထူးလွှတ်တော်အတွက် ကိုယ်စားလှယ်တွေရွေးချယ်မယ့် သမ္မတရဲ့ အကြံအစည်ကို စွန့်လွှတ်ဖို့အတွက် တနင်္ဂနွေက ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲမှာ ပြည်သူ ၇ သန်းကျော်က မဲပေးသဘောထားပြသခဲ့ကြပါတယ်။
နိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိသူ ၃ ပုံ ၁ ပုံနီးပါးက ခုလို သဘောထားပြခဲ့ကြပေမဲ့ အတိုက်အခံတွေဖက်က ခေါ်ယူကျင်းပတဲ့ ဒီဆန္ဒခံယူပွဲရဲ့ ရလာဒ်အတိုင်း မဖြစ်လိုက်နာဆောင်ရွက်စရာ မလိုအပ်ပါဘူး။
တကယ်လို့ Maduro က သူ့အစီအစဉ်အတိုင်း ဆက်လုပ်မယ်ဆိုရင် အမေရိကန်အနေနဲ့ ပြတ်သားမြန်ဆန်တဲ့ စီးပွားရေးအရ အရေးယူမှုတွေလုပ်သွားမယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့ နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
Venezuela ပြည်သူတွေဟာ ဒီမိုကရေစီ လွတ်လပ်မှုနဲ့ ဥပဒေစိုးမိုးရေးဖက်က ရပ်တည်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသခဲ့တယ်လို့ သမ္မတ Trump ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
Venezuela သမ္မတကတော့ အတိုက်အခံတွေဖက်က စီစဉ်ကျင်းပတဲ့ ဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့ ပြောကြားပြီး စီစဉ်ထားတဲ့အတိုင်း အထူးလွှတ်တော်အတွက် July လ ၃၀ ရက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံမှာရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ လူမှုရေးပြဿနာကြီးတွေကနေ ရုန်းထွက်နိုင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကသာ တခုတည်းသောလမ်းဖြစ်တယ်လို့ သမ္မတ Maduro ကပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5
Venezuela မှာ အထွေထွေသပိတ်ကြီးမှောက်ဖို့ အတိုက်အခံ တောင်းဆို