အမေရိကန်မှာ ကြက်ငှက်တုပ်ကွေး အရေးဖြေရှင်းရေး ဒေါ်လာ ၁ ဘီလျံသုံးမယ်

FILE PHOTO: Illustration shows test tube labelled "Bird Flu", eggs and U.S. flag

အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥတင်သွင်းမှု တိုးမြှင့်ဖို့အပါအဝင် ကြက်ငှက်တုပ်ကွေးပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ စိုက်ပျိုးရေးဝန်ကြီး Brooke Rollins က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ မွေးမြူရေးခြံတွေမှာ ဇီဝလုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ အခမဲ့ဆောင်ရွက်ပေးမှာ ဖြစ်သလို ကြက်ငှက်တုပ်ကွေးကြောင့် ကြက်တွေကိုသတ်ဖြတ်ပစ်ရမယ့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေကို ငွေပံ့ပိုးပေးမှု တိုးမြှင့်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ သုံးစွဲသွားမှာ ဖြစ်ကြောင်း Rollins က ပြည်နယ်စိုက်ပျိုးရေးအရာရှိများ ညီလာခံမှာ ပြောပါတယ်။

သမ္မတထရမ့် အမိန့်နဲ့ အီလွန်မာ့စ် ဦးဆောင်လုပ်နေတဲ့ အစိုးရစွမ်းဆောင်ရည် ထိရောက်မှုရှိရေးဌာနက အစိုးရ အသုံးစရိတ် ဖြတ်တောက်ပြီး ရရှိလာတဲ့ ငွေကြေးတချို့ကို စိုက်ပျိုးရေးဌာနအတွက် သုံးခွင့်ရမယ်လို့လည်း Rollins က ဗုဒ္ဓဟူးနေ့ Wall Street Journal အမြင် အာဘော် ကဏ္ဍမှာ ရေးပါတယ်။ အမေရိကန်မှာ ၃ နှစ်ကြာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၂ ခုနှစ်က စတင်ကာ ကြက်ကောင်ရေ ၁၆၆ သန်း သေဆုံးခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၂၄ ခုနှစ် အစောပိုင်းက စပြီလည်း နို့စားနွားကောင်ရေ ၁,၀၀၀ နီးပါးကို ကူးစက်ခဲ့သလို လူ ၇၀ ‌နီးပါးလည်း ကူးစက်ခံရကာ ၁ ဦးသေဆုံးခဲ့ပါတယ်။ ကြက်တွေမှာ ဒီရောဂါကာကွယ်ဆေး ထိုးပေးဖို့ USDA က နည်းလမ်း ရှာဖွေနေပေမယ့် တရားဝင်ခွင့်မပြုသေးကြောင်း Rollins က ပြောပါတယ်။

ပြည်တွင်းစျေးကွက်မှာ ကြက်ဥတွေတိုးမြှင့် ရရှိစေဖို့နဲ့ စံချိန်တင်ကြက်ဥဈေးနှုန်း မြင့်မားနေတာကို လျှော့ချနိုင်ဖို့ အတွက် ပြည်ပကနေ ကြက်ဥတင်သွင်းမှုကို တိုးမြှင့်ပြီး ပြည်ပကို ကြက်ဥတင်ပို့နေတာတွေ လျှော့ချဖို့ စီစဉ်နေကြောင်းလည်း Rollins က ပြောပါတယ်။ တူရကီနိုင်ငံကနေ အမေရိကန်ကို ဇူလိုင်လအထိ ကြက်ဥ တန်ချိန် ၁၅,၀၀၀ တင်ပို့မယ်လို့ ဆိုပါတယ်။

အရင် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ လက်ထက် မေလတုန်းက ကြက်ငှက်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း ၈၀၀ ကျော် ချထားပေးခဲ့ပါတယ်။ အဲဒီငွေထဲက ဒေါ်လာ သန်း ၄၅၀ လောက် ကျန်နေသေးတယ်လို့ USDA အရာရှိတဦးက အင်္ဂါနေ့က နိုင်ငံတော် စိုက်ပျိုးရေးဌာနများအသင်း ညီလာခံမှာ ပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန်မှာ ကြက်ငှက်တုပ်ကွေး အရေး ဖြေရှင်းရေး ဒေါ်လာ ၁ ဘီလျံသုံးမယ်