မက္ကဆီကို သွင်းကုန်ခွန်တိုးကောက်မှု တလဆိုင်းငံ့

မက္ကဆီကိုနိုင်ငံထဲက အမေရိကန် Ford ကား ကုမ္ပဏီစက်ရုံဝင်း။ (ဇန်နဝါရီ ၃၀၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စုအနေနဲ့ မက္ကဆီကိုနိုင်ငံကို သွင်းကုန်ခွန်တိုးကောက်တာကို တလ ဆိုင်းငံလိုက်ပြီး တဖက်မှာတော့ မူးယစ်မှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့ မက္ကဆီကိုနိုင်ငံဘက်က နယ်စပ်မှာ စစ်အင်အားတသောင်း တပ်ဖြန့်ချထားဖို့ သဘောတူလိုက်ကြပါတယ်။

အမေရိကန်သမ္မတ Trump နဲ့ မက္ကဆီကို သမ္မတ Claudia Sheinbaum တို့နှစ်ဦး စကားပြောဆိုခဲ့ပြီးတဲ့နောက် အခုလို သဘောတူညီချက်ရလိုက်တာပါ။ နှစ်ဘက်ကြား ရင်းရင်းနှီးနှီးပြောဆိုဆွေးနွေးခဲ့ကြတဲ့နောက် နှစ်နိုင်ငံနယ်စပ်တလျှောက် မက္ကဆီကို က လုံခြုံရေးအင်အား တသောင်း တပ်ဖြန့်ချထားဖို့နဲ့ အမေရိကန်က သွင်းကုန်တိုးမြှင့်မှု တလ ဆိုင်းငံ့ထားဖို့ သဘောတူခဲ့ကြတယ်လို့ သမ္မတ Trump က သူ့ရဲ့လူမှုမီဒီယာအကောင့်တွေကနေ ဖော်ပြခဲ့ပါတယ်။

ဒီတလအတွင်းမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ ကုန်သွယ်ရေးဝန်ကြီးတို့က ညှိုနှိုင်းသွားမယ် လို့လည်း ဖော်ပြပါတယ်။ မူးယစ်မှောင်ခိုမှုတွေနဲ့ နယ်စပ်မျဉ်းကို ကာကွယ်ဖို့ တပ်အင်အားတွေ တိုးချသွားမယ်လို့ မက္ကဆီကို သမ္မတကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း အခွန်တွေကို လာမယ့် အင်္ဂါနေ့ကစပြီး ကောက်ခံမယ့်အမိန့်ကို သမ္မတ Trump က စနေနေ့က လက်မှတ်ထိုးခဲ့တာပါ။ တချိန်တည်းမှာပဲ သွင်းကုန်တိုးမြှင့်မှုနဲ့ဆက်စပ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ တနင်္လာနေ့မနက်ပိုင်းက စကားပြောဆိုခဲ့တယ်လို့ သမ္မတ Trump က ပြောပါတယ်။ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ထပ်ပြီး စကားပြောဆိုကြမယ်လို့ သမ္မတ Trump က သူ့ရဲ့ Truth လူမှုမီဒီယာမှာ ရေးပါတယ်။