ယူကရိန်းကို ထောက်လှမ်းရေး အချက်အလက် မျှဝေမှု အမေရိကန် ရပ်ဆိုင်း 

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ညွှန်ကြားရေးမှူး John Ratcliffe၊ ဇန် ၂၃၊ ၂၀၂၅

၃ နှစ်ကြာလာပြီ ဖြစ်တဲ့စစ်ပွဲ အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ ယူကရိန်းနဲ့ ရုရှားကို ဖိအားပေးနေချိန်မှာ ယူကရိန်းအပေါ် ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေနေတာကို ဖြတ်တောက်လိုက်ကြောင်း အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး John Ratcliffe က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ပြီးခဲ့တဲ့အပတ်က အိမ်ဖြူတော်မှာ အခြေအတင် ဖြစ်ပြီးနောက် အခု သီတင်းပတ်အစောပိုင်းမှာ သမ္မတ Donald Trump က ယူကရိန်းအတွက်စစ်ရေးအကူအညီတွေကိုလည်း ရပ်ဆိုင်းထားတာပါ။

ဒါပေမယ့် အိမ်ဖြူတော် ဖြစ်ရပ် အတွက် Zelenskyy က "ဝမ်းနည်းကြောင်း" ထုတ်ဖော်ပြောဆိုထားသလို "ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ" လို့ ပြောထားလို့ ဒီလိုသတင်းအချက်အလက် ဖြတ်တောက်တာကယာယီဖြစ်ဖွယ် ရှိတယ်လို့ CIA အကြီးအကဲ Ratcliffe က Fox Business သတင်းဌာနကို ပြောပါတယ်။

"စစ်ရေး အကူအညီနဲ့ ထောက်လှမ်းရေး သတင်းတွေ ဖြတ်တောက်ထားတာ ရပ်သွားမယ် ထင်ပါတယ်" လို့ Ratcliffe က ဆိုပါတယ်။“ရန်လို တိုက်ခိုက်မှုတွေကို ယူကရိန်းနဲ့ အတူ လက်တွဲပြီး ပြန်တွန်းလှန်ရမှာဖြစ်သလို ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ရှေ့တဆင့် တက် တက်နိုင်ရေးအတွက် ပိုပြီးကောင်းမွန်တဲ့ အခင်းအကျင်း ဖန်တီးနိုင်ဖို့လည်း လက်တွဲဆောင်ရွက်သွားနိုင်မယ်” လို့ သူ ထင်ကြောင်း ပြောပါတယ်။

၂၀၂၂ ခုနှစ် စစ်ပွဲစတင်ကတည်းက အမေရိကန်ဟာ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ အရေးကြီး အချက်အလက်တွေ အပါအဝင် ထောက်လှမ်းရေး ဆိုင်ရာ သတင်းအချက်အလက်တွေ ပံ့ပိုးပေးနေတာပါ။

သမ္မတထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က ယူကရိန်းနဲ့ ထောက်လှမ်းရေးဆိုင်ရာ ဆက်ဆံမှုတွေကို ပြန်လည်သုံးသပ်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနဲ့ ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ဖို့ အလျင်အမြန်လုပ်ဆောင်နေကြောင်း လည်း Waltz က CBS News ကို ပြောထားပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းကို ထောက်လှမ်းရေး အချက်အလက် မျှဝေမှု အမေရိကန် ရပ်ဆိုင်း