အမေရိကန်သမ္မတကျမ်းကျိန်ပွဲ တရုတ်ဒုသမ္မတ တက်မည်

အမေရိကန်သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်မယ့် တရုတ် ဒုတိယသမ္မတ Han Zheng (ဇန်နဝါရီ ၁၁၊ ၂၀၂၅)

ဇန်နဝါရီလ ၂၀ ရက်၊ လာမယ့်တနင်္လာနေ့မှာကျင်းပမယ့် Donald Trump ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိန် ဆိုပွဲကို တရုတ်ဒုသမ္မတ Han Zheng တက်ရောက်မယ်လို့ တရုတ်အစိုးရက ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် နေ့မှာ အတည်ပြုပါတယ်။အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ တရုတ်နဲ့အမေရိကန် ဆက်ဆံရေးမှာ နှစ်ဦး နှစ်ဘက် အကျိုးဖြစ်ထွန်းရေးတို့အတွက် ရှေ့ရှုပြီး အခုလို ဒုသမ္မတကို စေလွှတ်တာဖြစ်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။

အမေရိကန်အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်တာအပြင် မတူကွဲပြားမှုတွေကို အသေအချာ ကိုင်တွယ်ဖြေရှင်းတာ၊ နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့်ကိစ္စရပ်တွေကို ပူးပေါင်း ဆောင်ရွက်တာ၊ တရုတ်-အမေရိကန်ဆက်ဆံရေး ခိုင်မာအားကောင်းပြီး တည်ငြိမ်မှုရှိစေဖို့အတွက် လက်တွဲဆောင်ရွက်တာ၊ နှစ်နိုင်ငံဆက်ဆံရေး ပြေလည်စေမယ့် နည်းလမ်းကောင်းတွေကို ရွေးချယ် ဆောင်ရွက်တာတွေ လုပ်ဆောင်သွားဖို့လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ဖို့ Trump က တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် တရုတ် အရာရှိတွေကို ဖိတ်ကြားပြီး တလကျော်ကြာမှ တရုတ်ဘက်က အခုလို အကြောင်းပြန်ကြားချက် ထွက်ပေါ်လာတာပါ။ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ပြည်ပနိုင်ငံတွေက သံအမတ်အဆင့်သာ တက်လေ့ရှိကြတဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ဒီအခမ်းအနားကိုတက်ဖို့ တရုတ်ဘက်က ဒုသမ္မတကို စေလွှတ်တာ ဖြစ်ပါတယ်။

ဒါဟာ Trump အစိုးရသစ်အပေါ် တရုတ်ဘက်က ချစ်ကြည်ရေးသင်္ကေတ ပြသလိုက်တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Your browser doesn’t support HTML5

အမေရိကန်သမ္မတကျမ်းကျိန်ပွဲ တရုတ်ဒုသမ္မတ တက်မည်