အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပြန်ပြီး ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီတခုဖြစ်တဲ့ IOM ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။
အကြီးမားဆုံး အလှူရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်ကနေ ရန်ပုံငွေ အများအပြား ဖြတ်တောက်လိုက်တဲ့အတွက် အင်ဒိုနီးရှားက ရိုဟင်ဂျာဒုက္ခသည် ၉၀၀ ကျော်ကို ပေးနေတဲ့ အကူအညီတွေ လျှော့ချဖို့ ဖိအားပေးခံခဲ့ရကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာ သတင်းမှာ ဖေါ်ပြခဲ့တာပါ။ IOM ရဲ့ အင်ဒိုနီးရှားဆိုင်ရာ အကြီးအကဲ Jeff Labovitz (ဂျက် လက်ဗိုဗစ်) က ရိုက်တာသတင်းဌာနကို ဒီကနေ့ တုံ့ပြန်ပြောဆိုရာမှာ- ဆူမားတြားကျွန်း အနောက်ဘက် Pekanbaru (ပီကန်ဘာရူး) မှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါအပြင် အကူအညီတွေကို လျော့ချဖို့ဆိုတဲ့ အစီအစဥ်လည်း လောလောဆယ်မှာ မရှိသေးဘူးလို့လည်း IOM အကြီးအကဲက ပြောပါတယ်။ ဒါပေမဲ့လို့ အသေးစိတ်ကိုတော့ ပြောကြေားခြင်းမရှိခဲ့ပါဘူး။
သီးခြားပေးပို့ခဲ့တဲ့ အီးမေးလ်တုံ့ပြန်ချက်မှာတော့ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အခြားနည်းလမ်းတွေကို ရှာဖွေနိုင်ခဲ့တယ်လို့ဖေါ်ပြထားပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း ဆက်ပြီး ရရှိနိုင်တယ်လို့ IOM ကဆိုပါတယ်။
ဂျကာတာ အမေရိကန်သံရုံးကတော့ မှတ်ချက်ပေးတုံ့ပြန်တာမရှိသေးပါဘူး။ အင်ဒိုနီးရှားမှာ ရိုဟင်ဂျာဒုက္ခသည် ၂,၈၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။