[[Zawgyi/Unicode]]
ယူကရိန်းတပ်ဖွဲ့တွေ နောက်ဆုံးခြေကုတ်ယူထားတဲ့ Mariupol မြို့က သံမဏိစက်ရုံရှိရာကို ရုရှားတပ်ဖွဲ့တွေ ဝင်မတိုက်ဖို့ သမ္မတ Vladimir Putin က ဒီကနေ့ ညွန်ကြားလိုက်ပါတယ်။
အဲဒီနေရာကို ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် ရုရှားတပ်ဖွဲ့တွေ အန္တရာယ်ဖြစ်စေမယ့်အစား အဲဒီနေရာကို ယင်တကောင်မှ ပျံလို့မရနိုင်တဲ့အထိ တင်းကြပ်စွာ ပိတ် ဆို့ ထားသင့်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကို သမ္မတပူတင်က ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ စည်းဝေးပွဲမှာ ညွန်ကြားချက် ပေးလိုက်တာပါ။
အရေးပါတဲ့ Mariupol ဆိပ်ကမ်းမြို့က Azovstal သံမဏိစက်ရုံနေရာမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၂,၀၀၀ လောက် ရှိနေသေးကြောင်း၊ ဒါပေမယ့် ကျန်တဲ့နေရာတွေအားလုံးကို ရုရှားက သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Shoigu က သမ္မတပူတင်ကို ပြန်လည် ပြောကြားခဲ့ပါတယ်။
ရုရှားက သိမ်းပိုက်ထားပြီးဖြစ်တဲ့ Crimea ဒေသနဲ့ ရုရှားကို ထောက်ခံတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသ ဆက်သွယ်နိုင်ရေးအတွက် အခရာကျတဲ့ ဒီ Mariupol မြို့ကို သိမ်းပိုက်လိုက်နိုင်တာဟာ ရုရှားတို့အတွက် စစ်ရေးအရ မဟာဗြူဟာမြောက်တဲ့ အောင်မြင်မှုဖြစ်ပါတယ်။ Mariupol မြို့ဟာ Azov ပင်လယ်နဲ့ ထိစပ်နေတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။
Mariupol မြို့မှာ ပိတ်မိနေကြတဲ့ ယူကရိန်း အရပ်သားတွေရဲ့ ကံကြမ္မာအပေါ် နိုင် ငံတကာက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk ကတော့ ပိတ်မိနေတဲ့ အရပ်သားတွေကို ဘတ်စ်ကား ၄ စီးနဲ့ Humanitarian corridor လို့ခေါ်တဲ့ စာနာမှုဆိုင်ရာ လမ်းကြောင်းကနေ ဗုဒ္ဓဟူးနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Your browser doesn’t support HTML5
Mariupol မြို့က ယူကရိန်းတပ်ဖွဲ့ နောက်ဆုံးစခန်း သံမဏိစက်ရုံကိုဝင်မတိုက်ဖို့ သမ္မတပူတင်ညွှန်ကြား
==========
[[Unicode]]
==========