ဗြိတိန်၊ ပြင်သစ်နဲ့ ယူကရိန်း အပစ်ရပ်ရေးအစီအစဉ် ပူးပေါင်းရေးဆွဲဖို့ပြင်ဆင်

လန်ဒန်မြို့ တော်ရှိ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့တွေ့ဆုံခဲ့တဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (ဇူလိုင် ၁၉၊ ၂၀၂၄)

အမေရိကန်ကို တင်ပြမယ့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်အတွက် ပြင်သစ်၊ ယူကရိန်းတို့နဲ့ အတူ ဗြိတိန်နိုင်ငံက ပူးပေါင်းကြိုးပမ်းဖို့ သဘောတူလိုက်ကြောင်း ဝန်ကြီးချုပ် Keir Starmer က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံချိန်မှာ ရုရှားကျုးကျော်မှုကို ရင်ဆိုင်းနေရတဲ့ ယူကရိန်းအတွက် အမေရိကန်ရဲ့ အထောက်အပံတွေကို ကျေးဇူးတင်စကားပြောဖို့ ပျက်ကွက်တယ်ဆိုပြီး သမ္မတ Donald Trump က ပြင်းပြင်းထန်ထန် ပြောခဲ့ရာက အချေအတင်ဖြစ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး ဥရောပခေါင်းဆောင်တွေ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ်က စီစဉ်နေတာပါ။

ဗြိတိန်ဝန်ကြီးချုပ်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ပေါင်းကူးပေးဖို့ အဓိက အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့သလို၊ အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ကြား ပျက်ပြားခဲ့တဲ့ ဆွေးနွေးမှုတွေကို ပြန်လည်ညှိနှိုင်းနိုင်ဖို့ ပြင်သစ်သမ္မတနဲ့ပါ လက်တွဲဖို့ ရည်ရွယ်ထားပါတယ်။

တိုက်ပွဲတွေ ရပ်နိုင်အောင် ပြင်သစ်နိုင်ငံအပြင် တခြားနိုင်ငံတနိုင်ငံ၊ ၂ နိုင်ငံလောက်နဲ့အတူ ကြိုးပမ်းဖို့ သဘောတူထားပြီး၊ ထွက်ပေါ်လာတဲ့ အစီအစဉ်ကို အမေရိကန်နဲ့ ပြန်ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ၂ ဦးစလုံးကတော့ သမ္မတထရမ့်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့ကစ ဆက်သွယ်ပြောဆိုတာတွေ ရှိနေပါတယ်။