အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ဟာ ရွေးကောက်ပွဲဝင်စဉ်က ပေးထားတဲ့ကတိ အတိုင်း သန်းနဲ့ချီတဲ့အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေးအတွက် အရင် သူသမ္မတလက်ထက်က ယာယီလူဝင်မှုကြီးကြပ်ရေးအကြီးအကဲဖြစ်ခဲ့ဖူးတဲ့ Tom Homan ကို တာဝန်ပေးဖို့ ရွေးချယ်လိုက်ပါတယ်။
အသက် ၆၂ နှစ် အရွယ် Homan ဟာ မက္ကဆီကို တောင်ပိုင်းကနေ ကနေဒါမြောက်ပိုင်းအထိ နယ်စပ် တလျှောက်ကြီးကြပ်ဖို့ တာဝန်ယူသွားမှာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ပြသလိမ့်မယ်လို့ Trump က သူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာ ပြောခဲ့တာပါ။
Homan ကို သိကျွမ်းခဲ့တာကြာပြီဖြစ်သလို နယ်စပ်လုံခြုံရေးအတွက် သူ့လောက်စွမ်းဆောင်နိုင်သူ ဘယ်သူမှရှိမှာမဟုတ်ဘူးလို့လည်း Trump က ထပ်လောင်း ပြောထားပါတယ်။
လူဝင်မှုကြီးကြပ်ရေးမှာ သဘောထားတင်းမာသူအဖြစ် လူသိများတဲ့ Stephen Miller ကိုလည်း လူဝင်မှုကြီးကြပ်ရေး မူဝါဒဆိုင်ရာ အိမ်ဖြူတော်လက်ထောက် အရာရှိချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးနေရာအတွက် ရွေးကောက်ခံသမ္မတ ထရမ့်ကရွေးချယ်ထားတဲ့ နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် Elise Stefanik
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးနေရာကိုတော့ နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် Elise Stefanik ကို ခန့်အပ်ဖို့ ရွေးချယ်ခဲ့တာပါ။ အမေရိကန်သာ ဦးစားပေးအဖြစ် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသူအဖြစ် Trump က သုံးနှုန်းခေါ်ဆိုခဲ့တဲ့ အသက် ၄၀ အရွယ် Stefanik ဟာ နိုင်ငံရေး သဘောထားအလယ်အလတ်ရှိသူအဖြစ် ၂၀၁၅ ခုနှစ်မှာ အောက်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ Trump အတွက် အပြင်းအထန် ခုခံကာကွယ်သူ တယောက် ဖြစ်လာတာပါ။
ရွေးကောက်ခံ ဒုတိယသမ္မတ JD Vance ကလည်း ရွေးချယ်မှုကို ထောက်ခံအားပေးခဲ့ပါတယ်။
Your browser doesn’t support HTML5
နယ်စပ်လုံခြုံရေးနဲ့ ကုလသံအမတ်ကြီး နေရာတွေအတွက် ရွေးကောက်ခံသမ္မတထရမ့် ရွေးချယ်