အမေရိကန်မှာ ရွှေ့ပြောင်းအခြေချလိုသူတွေအတွက် သမ္မတထရမ့်ရဲ့ Gold Card အစီအစဉ်

အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြေချလိုသူ ငွေရှင်တွေအတွက် Gold card ရောင်းပေးဖို့ ပြောလာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်။

အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ပြီး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကိုင်လိုသူ နိုင်ငံခြားသားတွေအတွက် ဖိတ်ခေါ်တဲ့အစီအစဥ်တရပ်ကို အမေရိကန်သမ္မတ Donald Trump က အကောင်အထည်ဖေါ်မှာဖြစ်ပြီး သီတင်းပတ် ၂ ပတ်အတွင်း စတင်နိုင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ Gold Card ရောင်းပါမယ်။ Green Card လည်း ရမယ်၊ Gold Card လည်း ရပါမယ်။ စျေးကတော့ ဒေါ်လာ ၅ သန်း ဖြစ်ပြီး Green Card လို အခွင့်အရေးတွေ ရပါမယ်။ နိုင်ငံသားလည်း ဖြစ်လာမှာပါ။ ဒီကဒ်ကိုဝယ်ပြီးရင် သူဌေးတွေ ကျနော်တို့ တိုင်းပြည်ကို ရောက်လာမှာပါ” လို့ သမ္မတ Donald Trump က ဖေဖေါ်ဝါရီ ၂၅ ရက် မနေ့က ပြောကြားခဲ့တာပါ။

Gold Card ကိုင်ဆောင်ထားသူတွေဟာ အမေရိကန်ပြည်ထောင်စုမှာ ကုမ္ပဏီလုပ်ငန်းတွေထူထောင်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်သလို အခွန်လည်းပေးမှာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ အမေရိကန်ပြည်ထောင်စုထဲ ပညာရှင်တွေကို ခေါ်ယူတဲ့အခါမှာ ငွေပေးပြီး ခေါ်ယူရမှာဖြစ်သလို Gold Card ပေါင်း တသန်းလောက် ရောင်းချမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထရမ့်အဆိုပြုတဲ့ Gold Card နဲ့ လက်ရှိ EB-5 ရွှေ့ပြောင်းအခြေချသူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဥ်ကို အစားထိုးမှာလည်း ဖြစ်ပါတယ်။

EB-5 အစီအစဥ်ကို ၁၉၉၂ ခုနှစ်မှာ ကွန်ဂရက်စ်ကဖန်တီးခဲ့တာဖြစ်ပြီး ဒီအစီအစဥ်နဲ့ အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်သလို အလုပ်အကိုင်ရှားပါးတဲ့ဒေသတွေမှာ ဒေါ်လာ ၈ သိန်းနဲ့ (၁,၀၅၀,၀၀၀) ကြား ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပြီး အမေရိကန်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်းတီးပေးရမှာဖြစ်တယ်လို့ USCIS အမေရိကန်နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

အမေရိကန်မှာ ရွှေ့ပြောင်းအခြေချလိုသူတွေအတွက် သမ္မတထရမ့်ရဲ့ Gold Card အစီအစဉ်