သွင်းကုန်ခွန်တိုးတာကြောင့် အမေရိကန်တွေ အထိနာနိုင်ကြောင်း သမ္မတ ပြော

ဖလော်ရီဒါပြည်နယ်၊ West Palm Beach အရပ်ရှိ Palm Beach အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တနင်္ဂနွေနေ့က Air Force One လေယာဥ်ပေါ်သို့အတက် တွေ့ရသည့် သမ္မတ ထရမ့်ပ်။ (AP Photo/Ben Curtis)

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေရဲ့ တင်သွင်းကုန်အပေါ် အခွန် တိုးချလိုက်တာမို့ ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန် နိုင်ငံသားတွေအနေနဲ့ နစ်နာတာတချို့တော့ ခံစားရလိမ့်မယ်လို့ အမေရိကန်သမ္မတက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

"အနာခံစရာ ရှိလာပါမလား။ ရှိလည်း ရှိနိုင်ပါတယ်။ မရှိလည်း မရှိနိုင်ပါဘူး။ ဒါပေမဲ့ မဟာအမေရိကန် တဖန်ပြန်ဖြစ်အောင် ကျွန်တော်တို့ လုပ်ကြရပါလိမ့်မယ်။ အနာခံရတာ ထိုက်တန်ပါလိမ့်မယ်" လို့ သမ္မတထရမ့်က သူ့ရဲ့ လူမှုစာမျက်နှာမှာ ‌ရေးသားလိုက်ပါတယ်။

သူ့ရဲ့ လူမှုစာမျက်နှာမှာ ကနေဒါနိုင်ငံကို အဓိကထား ရေးထားတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးမှာ ပိုငွေရနေတာမရှိရင် ကနေဒါနိုင်ငံရဲ့ တည်ရှိမှု အဆုံးသတ်သွားလိမ့်မယ်လို့လည်း သူက ပြောလိုက်ပါတယ်။

"ဒါကြောင့်မို့ ကနေဒါဟာ ကျွန်တော်တို့ရဲ့ ၅၁ ပြည်နယ်မြောက် ပြည်နယ် ဖြစ်လာသင့်ပါတယ်။ အခွန်ပိုပြီးနည်းမယ်။ ကနေဒါ ပြည်သူတွေအတွက် ပိုကောင်းတဲ့ စစ်တပ် အကာအကွယ်ရမယ်။ တင်သွင်းကုန်အခွန်လည်း မရှိတော့ဘူး" လို့ ထရမ့်က ရေးထားပါတယ်။

ကနေဒါပြည်သူတွေ ဦးနှောက်ခြောက်နေပါတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး Kirsten Hillman ကတော့ ပြောပါတယ်။ အမေရိကန်ရဲ့ အိမ်နီးချင်း၊ အရင်းနှီးဆုံးမိတ်ဆွေ၊ မဟာမိတ်အဖြစ် သူတို့က သူတို့ကိုယ်သူတို့ မြင်ကြတာပါလို့ သူက ဆိုပါတယ်။

Your browser doesn’t support HTML5

သွင်းကုန်ခွန်တိုးတာကြောင့် အမေရိကန်တွေ အထိနာနိုင်ကြောင်း သမ္မတ ပြော