Republican အမာခံ Kansas ဒေသခံတွေ Trump ရက်၁၀၀ အပေါ်အမြင်

အမေရိကန်ဗဟိုအနောက်ခြမ်းပြည်နယ်တခုဖြစ်တဲ့ Kansas ပြည်နယ်ဟာ ၁၉၆၄ ခုနှစ်ကတည်းက Republican တွေကိုပဲ သမ္မတအဖြစ် မဲပေးတဲ့ပြည်နယ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Trump တက်လာပြီး သမ္မတ တာဝန် ထမ်းဆောင်တဲ့ ပထမဆုံး ရက်တရာအတွင်း သူလုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေအပေါ် သမ္မတ Trump ကို ခိုင်ခိုင်မာမာ ထောက်ခံသူတွေ ဘာပြောကြလဲ။ Kansas ပြည်နယ်မှာ ရှားရှားပါးပါးတွေ့ရတဲ့ ဒီမိုကရက်ထောက်ခံသူ တဦးရဲ့ အမြင်ကရောဘယ်လိုရှိပါလဲ။ ဗွီအိုအေ သတင်းထောက် Carolyn Presutti ရဲ့သတင်းလွှာကို မအေးသန္တာကျော်ပြောပြပေး ပါမယ်။

Kansas ပြည်နယ်က Woodson ခရိုင်ပါ အမေရိကန်ရဲ့ သရုပ်ကို အပြည့်အဝဖော်ညွန်း တဲ့ နယ်မြေဖြစ်ပါတယ်။ ကောက်ရိုးကွင်းတွေကို မျက်စိတဆုံးတွေ့ရ ပါတယ်။ ဒေသခံတွေကလည်း ဖော်ဖော်ရွေရွေရှိပါတယ်။ ဒီမှာက အိမ်တံခါးတွေ ကို သေ့ာခတ်ထားဖို့ မလိုပါဘူး။ ဝံပုလွေအသေးလေးတွေ ဟိုဒီသွားလာနေတာပါ။ လူ၄ ယောက်မှာ ၃ ယောက်က မဲထည့်ခဲ့ကြပါတယ်။

“Donald Trump ကို သမ္မတအဖြစ် ဒီနယ်က ရွေးခဲ့တာပါ။”

ပြောင်းနဲ့ ပဲပိစပ်စိုက်ခင်း ဧက ၁၀၀၀ကျော်ပိုင်တဲ့ Rodney Grisier ကပြောသွားတာပါ။ သူကပဲ

“ဒီမှာက မြို့ကလူတွေနဲ့ အတွေးအခေါ် ကွာပါတယ်။ သူတို့အတွေးနဲ့ သူတို့ ရှိပြီးသားပါ။”

စိုက်ပျိုးမွေးမြုရေးဟာ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းကြီးဖြစ်တဲ့အတွက် သူက ကမ္ဘာ့ဈေးကွက် မှာ အမေရိကန် စိုက်ပျိုးမွေးမြူရေးဈေးကွက်တွေ ပိုပြီးတော့ ယှဉ်ပြိုင်နိုင်အောင်လို့ သမ္မတ Trump လုပ်ပေးစေချင်တာပါ။

“အမေရိကားအလယ်ပိုင်းမှာ ဒုက္ခရောက်ပြီ ၊ စိုက်ပျိုးမွေးမြူရေးအပိုင်းမှာ ဒုက္ခရောက်ပြီ ဆိုရင် စီးပွားရေးတခုလုံးကို ရိုက်ခတ်ပြီး အမေရိကား ကမ်းခြေတလျှောက်က မြို့ကြီးတွေ ကိုပါ သွားထိမှာပါ။"

သူတို့ ဒေသအတွက် စိုက်ပျိုးမွေးမြူရေးက အသက်ဆက်ပေးနေတာပါ။ ဒါပေမယ့်လည်း ဒါက မသေရုံပဲ ရှိပါတယ်။ Woodson ဟာ Kansas မှာ အဆင်းရဲဆုံးဖြစ်ပါတယ်။

“ကျွန်တော် ငယ်ငယ်ကဆိုရင် လယ်ယာစက်ပစ္စည်းဆိုင် ၄ ခုရှိတယ်။ ကားအရောင်းပြခန်း ၃- ၄ ခုရှိတယ်။ အခု တဆိုင်မှ မကျန်တော့ဘူး။”

Gary Steele က ဒီကောက်ရိုးစိုက်ခင်းမှာပဲကြီး၊ ဒီမှာပဲ အခုထိ အလုပ်လုပ်တာပါ။ သူ့သားကတော့ တခြားပြည်နယ်မှာ အလုပ်သွားလုပ်ပါတယ်။ အခုဆိုရင်ကောက်ရိုး ကအရောင်းမကောင်းတော့ပဲ၊ ပြောင်းလည်း အလားတူပါပဲ လို့ပြောပါတယ်။

“ကုန်ထုတ်စားရိတ်က သိပ်မြင့်ပြီး ပြန်ရောင်းတော့ ဘာမှ မရဘူးလေ”

Mr Steele က သမ္မတ Trump ဆီက အများကြီးမျှော်လင့်ထားပါတယ်။

“အခုထိတော့ အဆင်ပြေနေတာပဲ သူ့ကို အားလုံးက စိတ်ဆိုးနေကြတယ်။ ဒါ ကောင်းတဲ့ လက္ခဏာပါ။”

Feedbunk စားသောက်ဆိုင်မှာတော့ ရှားရှားပါးပါး Democrat တွေထိုင်နေတဲ့ စားပွဲဝိုင်းတဝိုင်းတွေ့ပါတယ်။အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲနေကြတာပါ။ ဒီအထဲမှာ Willena Tressler က Trump ကို မဲမထည့်ခဲ့ပါဘူး၊ သူက Trump ကို ပြောစရာရှိပါတယ်။

“သူ့ပါးစပ်ကို ပိတ်ထား။ သူ့ဘေးမှာရှိတဲ့ အကြံပေးတွေရဲ့ စကားကိုနားထောင်ပါ။ အဲဒါ သူ ပထမဆုံးလုပ်ရမယ့် အလုပ်ပါပဲ။”

Democrat ပဲဖြစ်ဖြစ် Republican ပဲဖြစ်ဖြစ် Kansas နယ်သားတိုင်းမှာ တူညီတဲ့ အမေရိကန် အိမ်မက်တော့ ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပေါ်လာဖို့နဲ့ လယ်ယာလုပ်ငန်းတွေ ပြန်ပြီးတော့ အကျိုးအမြတ်ရပြီးတော့ အဝေးရောက်နေတဲ့ သူတို့သားသမီးတွေ အိမ်ကိုပြန်လာနိုင်ရေးပဲ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

Republican အမာခံ Kansas ဒေသခံတွေ Trump ရက်၁၀၀ အပေါ်အမြင်