ပျောက်ဆုံး တရုတ်သရုပ်ဆောင် မြန်မာနယ်ထဲမှာလို့ ယုံကြည်ရ

ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါရှိတဲ့ တရုတ်သရုပ်ဆောင်သတင်း- Screenshot from Bangkok Post.

ထိုင်းနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ဟာ မြန်မာနိုင်ငံနယ်ထဲကို ဝင်သွားပြီး ပျောက်ဆုံးသွားတာလို့ ထိုင်းနိုင်ငံ Tak ခရိုင် အာဏာပိုင်တွေ အတည်ပြု ပြောဆိုတာကို ဒီနေ့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။

CCTV လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ မဲဆောက်မြို့အနီး Ban Mae Kon Ken ကနေ မြန်မာနိုင်ငံထဲ ဝင်သွားတာကိုတွေ့ရပြီး မြန်မာဘက်က တာဝန်ရှိသူတွေကိုလည်း Xingxing ကို ရှာပေးဖို့ အကူအညီတောင်းထားတဲ့အကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် တရုတ် ရုပ်ရှင်သရုပ်ဆောင် Xingxing ဟာ Shanghai Pudong လေဆိပ်ကနေ သောကြာနေ့ မနက် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်ကို ရောက်လာခဲ့တာပါ။

လေဆိပ်ကနေ မဲဆောက်မြို့ကိုသွားခဲ့ပြီး သောကြာနေ့ မနက် ၁၀ နာရီဝန်းကျင် နယ်စပ်မှာ နောက်ဆုံးတွေ့ခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖေါ်ပြပါတယ်။ Xingxing ကို သရုပ်ဆောင်ဖို့ အဖွဲ့တဖွဲ့က ကမ်းလှမ်းခဲ့တာကြောင့် ထိုင်းနိုင်ငံကို သွားရောက်တာဖြစ်ပြီး နယ်စပ်မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့အကြောင်း သူ့ရဲ့ရည်းစား Jia Jia က အကူအညီတောင်းထားတာကို တရုတ်နိုင်ငံထုတ် သတင်းစာတွေနဲ့ လူမှုကွန်ယက်တွေမှာ မနေ့က ရေးသားပါတယ်။