တောင်ကိုရီးယားနိုင်ငံက သမ္မတလုံခြုံရေး အထူးတပ်ဖွဲ့အနေနဲ့ သမ္မတ ယွန်စွပ်ယိုး Yoon Suk Yeol ကို ဖမ်းဖို့ထုတ်ထားတဲ့ ဖမ်းဝရမ်းအတိုင်း လိုက်နာအောင် အမိန့်ပေးပါလို့ ယာယီသမ္မတကို စုံစမ်းစစ်ဆေးရေးမှူးတွေ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ရာထူးကနေ ယာယီဖယ်ရှားခံထားရတဲ့ Yoon Suk Yeol ကို သမ္မတအိမ်တော်မှာ ကြာသပတေးနေ့က သွားရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့တာမှာ သမ္မတလုံခြုံရေး အထူးတပ်တွေက တားဆီးထားတဲ့အတွက် စုံစမ်းရေးမှူးတွေနဲ့ ၆ နာရီလောက် အခြေအတင်ဖြစ်ခဲ့ပြီး မဖမ်းဆီးနိုင်ခဲ့ပါဘူး။ သောကြာနေ့ကလည်း နောက်တကြိမ် ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ စစ်သားနဲ့ သမ္မတလုံခြုံရေး အထူးတပ်ဖွဲ့ဝင် ၂၀၀ လောက်က တားဆီးပိတ်ဆို့ထားတယ်လို့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းရေးမှူးတွေက ပြောပါတယ်။
သမ္မတအိမ်တော်ရှေ့မှာလည်း သမ္မတကို ထောက်ခံသူ လူအုပ်ကြီးနဲ့ ရဲတွေကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ Yoon Suk Yeol ဟာ သမ္မတအနေနဲ့ အာဏာအလွဲသုံးစားလုပ်တယ်၊ နိုင်ငံဆူပူအုံကြွအောင် လုပ်တယ်လို့ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် Yoon Suk Yeol ကလာရောက် အစစ်ဆေးမခံတဲ့အတွက် သူ့ကို ဖမ်းဆီးဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
အခုလိုအခြေအနေမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တောင်ကိုရီးယားကို ဒီရက်ပိုင်းသွားရောက်မှာဖြစ်ပြီး၊ တနင်္လာနေ့မှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဝန်ကြီး Blinken ဟာ အစိုးရသက်တမ်း မကုန်ဆုံးမီ နောက်ဆုံးခရီးစဉ်အဖြစ် တောင်ကိုရီးယားအပါအဝင်၊ ဂျပန်၊ ပြင်သစ်စတဲ့ နိုင်ငံတွေကို ခရီးလှည်လည်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။
ဝန်ကြီး ဘလင်ကင်ဟာ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး၊ တောင်ကိုရီးယား ဂျပန်၊ အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးနဲ့၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အခြေအနေတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။