ယူကရိန်းစစ် အပစ်ရပ်ရေး ရုရှား သဘောတူဖို့ အမေရိကန် မျှော်လင့်

Activists wave the Ukrainian flag outside the US Capitol in Washington, DC, on April 23, 2024.

ရုရှား-ယူကရိန်း စစ်ပွဲမှာ ရက် ၃၀ ကြာ အပစ်ရပ်ဖို့ အမေရိကန်ပြည်ထောင်စုက အဆိုပြုထားပြီး ယူကရိန်းအရေး စက်မှုဖွံ့ဖြိုးပြီး G7 ဒီမိုကရေစီနိုင်ငံကြီး ၇ နိုင်ငံ ဆွေးနွေးဖို့ ရှိနေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က " အပစ်ရပ်ရေးက ရုရှားအပေါ် မူတည်နေတယ်" လို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ပြောပါတယ်။ “ရုရှားဆီက အပစ်အခတ်ရပ်စဲရေး ရနိုင်မယ်လို့ မျှော်လင့်တယ်” လို့ သမ္မတ ထရမ့်က ပြောပါတယ်။

“တကယ်လို့ သဘောတူခဲ့ရင် ကြောက်စရာကောင်းအောင် လူတွေ သေကြေပျက်စီးနေတာ ပြီးမြောက်ဖို့ ၈၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်မယ် ”လို့ ထင်ကြောင်းပြောပါတယ်။ ရုရှားရဲ့ ကရင်မလင်နန်းတော် သမ္မတရုံး ပြောခွင့်ရ Dmitry Peskov ရဲ့ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောဆိုချက်မှာတော့ အမေရိကန်ဆီကနေ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး (Volodymyr Zelenskyy) ကတော့ ဒီအပစ်အခတ်ရပ်စဲရေးက “ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် အပါအဝင် သက်ဆိုင်သူ အားလုံးအနေနဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် အဆင့်ဆင့် ပါဝင်တဲ့ အစီအစဉ်ကို အပြည့်အဝပြင်ဆင်နိုင်စေမယ်" လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ သုံးနှစ်ကြာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းကို ကူညီပေးနိုင်ရေး အပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် G7 ထိပ်တန်းစက်မှုနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကနေဒါနိုင်ငံ၊ Quebec မှာ စည်းဝေးဖို့ ရှိပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာ အမေရိကန်နဲ့ ယူကရိန်း နှစ်နိုင်ငံ အကြီးတန်း အရာရှိတွေ တွေ့ဆုံပြီးနောက် ယူကရိန်းကို ထောက်လှမ်းရေး အချက်အလက်တွေ မျှဝေမှုနဲ့ လုံခြုံရေး အကူအညီတွေ ပြန်စဖို့ အမေရိကန်က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ယူကရိန်းကလည်း ရှစ်နာရီနီးပါးကြာ ဆွေးနွေးပွဲပြီးနောက် စစ်ပွဲကို "ကြားကာလ အဖြစ် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး ချက်ချင်း စတင်နိုင်ဖို့" အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံဖို့ အသင့်ရှိကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ရုရှားဘက်ကတော့ တစုံတရာ မတုံ့ပြန်သေးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က G7 အစည်းအဝေးအတွက် ကနေဒါနိုင်ငံကို သွားတဲ့ခရီးမှာ သတင်းထောက်တွေကို “အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် လိုလားကြောင်း အကဲဖြတ်ဖို့ ရုရှားနဲ့ အဆက်အသွယ် အများအပြားရယူမယ်” လို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ “အခု ကျွန်တော်တို့အားလုံး ရုရှားရဲ့ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပြီး ရန်လိုမှုတွေ အားလုံးကို အဆုံးသတ်ဖို့ စဉ်းစားကြဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းပါတယ်။ ဒါမှသာ ထာဝရ ငြိမ်းချမ်းရေး အတွက် လုပ်ငန်းစဉ်တခုကို စတင်နိုင်မှာပါ” လို့ ရူဘီယိုက ဗွီအိုအေကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းစစ် အပစ်ရပ်ရေး ရုရှား သဘောတူဖို့ အမေရိကန် မျှော်လင့်