Republican ပါတီညီလာခံမှာ Donald Trump ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်လှုပ်ရှား

ဇူလိုင်လ ၁၈ရက်နေ့က အိုဟိုင်းအိုး ပြည်နယ် Cleveland မြို့တွင် ရီပတ်ဘလစ်ကန် ပါတီ ညီလာခံ ပထမရက် စတင်ကျင်းပနေစဉ်။ ဓါတ်ပုံ - (AP Photo/John Locher)

နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတလောင်း တဦးကို ရွေးချယ်မယ့် Republican ပါတီညီလာခံ တနင်္လာနေ့မှာပဲ Ohio ပြည်နယ်၊ Cleveland မြို့မှာ စတင်ခဲ့ပါတယ်။ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ထွက်ပေါ်လာမယ့်လို့ ခန့်မှန်းထားကြတဲ့ ညီလာခံ မတိုင်ခင်မှာပဲ Republican ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ ကုဋေကြွယ်သူဌေး Donald Trump ကို ကန့်ကွက်သူတွေ ထောက်ခံသူတွေ အပြိုင်အဆိုင် လှုပ်ရှားနေကြပါတယ်။ အပြည့်အစုံကို ညီလာခံကို ကိုယ်တိုင် သတင်းသွားယူတဲ့ VOA မြန်မာပိုင်းအစီအစဉ်က ကိုအောင်လွင်ဦးက တင်ပြပါလိမ့်မယ်။

Republican ပါတီညီလာခံ အစနေ့မှာတော့ အမေရိကန် ဘေးကင်းလုံခြုံအောင် လုပ်ရမယ်ဆိုတဲ့ ခေါင်းစဉ်အတိုင်း ပြည်တွင်းပြည်ပ လုံခြုံရေး ကိစ္စတွေကို အာရုံစိုက်ထားပါတယ်။ Republican ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ Donald Trump ရဲ့ မဲဆွယ်ပွဲကာလမှာ အဓိကကျတဲ့ အမျိုးသား လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ပါတီထိပ်တန်း ခေါင်းဆောင်တွေ ဆွေးနွေးကြတာပါ။

Donald Trump ကတော့ ပထမနေ့မှာ မိန့်ခွန်းပြောဆိုခြင်း မရှိပါဘူး စင်ပေါ်ကနေ ပရိသတ်ကိုတော့ အခုလို နှတ်ဆက်သွားပါတယ်။

“ကျနော်တို့ အကြီးအကျယ် နိုင်မှာပါ လူကြီးမင်းများခင်ဗျား။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အကြီးအကျယ် အနိုင်ရမှာပါ။ ကျေးဇူးတင်ပါတယ်။”

ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ Donald Trump ကို မလိုလားတဲ့သူတွေက ညီလာခံ ခန်းမအတွင်း ကန့်ကွက်ကြတာဟာ ညီလာခံ စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး ညီလာခံ သဘာပတိ ငြင်းပယ်ခဲ့ပါတယ်။ မဲပြန်ခွဲပြီး ဆုံးဖြတ်ဖို့ ကန့်ကွက်သူတွေ အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။ Donald Trump ကတော့သူ့ရဲ့ဇနီး Melania ကို ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ် သမ္မတကတော်ဖြစ်လာမယ့်သူကို ကျနော် ဂုဏ်ယူစွာ မိတ်ဆက်ပေးပါရစေ။ ကျနော့ရဲ့ ဇနီးပါ။ အင်မတန် အံသြစရာကောင်းတဲ့ လေးစားထိုက်တဲ့ အမျိုးသမီးပါ။ Melania Trump ပါ။”

ဇနီးဖြစ်တဲ့ Melania ကတော့ အခြေအတင် ပြောစရာ ဖြစ်နေတဲ့ ခင်ပွန်းသည်ဘက်က ရပ်တည်ပြောဆိုခဲ့တာပါ။

“တကယ်လို့တယောက်ယောက်ကို ရှင်နဲ့ ရှင့်တိုင်းပြည်အတွက် တိုက်ပွဲဝင်စေချင်တယ်ဆိုရင်၊ ကျမ အာမခံပါတယ်။ သူဟာ တကယ် တိုက်ပွဲဝင်မယ့်သူပါ။ ဘယ်တော့မှ အရှုံးပေးမယ့်သူ မဟုတ်ပါဘူး။ အရေးအကြီးဆုံးကတော့ သူ ရှင်တို့ကို ဘယ်တော့မှ နိမ့်ကျအောင် မလုပ်ပါဘူး။”

ဒါပေမဲ့လည်း ဒီညီလာခံဟာ Republican ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ Donald Trump အတွက် သာမက ပါတီအတွက်ပါ ကြီးမားတဲ့ အကဲစမ်းချက် ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြတာပါ။

လေးရက်ကြာ ပါတီညီလာခံဟာ ကြာသာပတေးနေ့ Donald Trump ရဲ့ သမ္မတလောင်းအဖြစ် လက်ခံပြောကြားမယ့် မိန့်ခွန်းနဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ Trumpကို ထောက် ခံသူ တော်တော်များများကတော့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ဟီလာရီလင်တန်ကို အနိုင်ရဖို့ မသေချာတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ တခြားရွေးချယ်စရာ မရှိဘူးလို့လည်း ထောက်ခံသူတယောက်ဖြစ်တဲ့ John Hawley က အခုလို ပြောပါတယ်။

“ကျနော်သူ့ကို မေးခွန်းထုတ်စရာမလိုအောင် ထောက်ခံရဲ့လားဆိုတာ ကျနော်ကိုယ် ကျနော်လည်း မသိပါဘူး။ ဒါပေမယ့် တခြားရွေးချယ်စရာလည်း မရှိတော့၊ ကျနော် ဝမ်းပမ်းတသာ သူ့ကိုပဲ ထောက်ခံတာပါ။ ”

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ သေချာနေတဲ့ ဟီလာရီကလင်တန်ကလည်း သူ့ကို ထောက်ခံသူတွေကို အခုလို ပြောပါတယ်။

“Cleveland မှာ တခြားပါတီက အမျိုးသားညီလာခံ တခု ကျင်းပနေတာ ကျမတို့ အားလုံး သိပါတယ်။ ကျမကို ဆန့်ကျင်တဲ့ အတိုက်အခံတွေအနေနဲ့တော့ အမြင်သဘောထား မတူတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီမှာ ရှင်တို့နဲ့ အတူအခုရှိနေတာထက် တခြား ဘယ်နေရာမှ ကျမ ရှိမနေချင်ပါဘူး။”

Trump ကို သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ လက်မခံချင်တဲ့ သူတွေထဲမှာတော့ ပါတီတွင်းက ထင်ရှားသူတွေလည်း ပါဝင်နေသလို၊ ညီလာခံကို မတက်ဖို့ ဆုံးဖြတ်သူတွေလည်း ရှိပါတယ်။ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းတွေ ဖြစ်ခဲ့ဖူးတဲ့ မက်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Mitt Romney အထက်လွှတ်တော်အမတ် John McCain နဲ့ သမ္မတဟောင်း George W. Bush တို့ကတော့ တက်ရောက်ကြမှာ မဟုတ်ပါဘူး။

ညီလာခံတက်ရောက်သူတွေထဲမှာလည်း ပါတီတွင်း အကြိုရွေးပွဲတွေမှာ သူနဲ့ အကြိတ်အနယ် ဖြစ်ခဲ့တဲ့ Ted Cruz တို့လို ပုဂ္ဂိုလ်တွေကလည်း အခုအချိန်အထိ Trump ကို ထောက်ခံမှု မပေးကြသေးပါဘူး။

ဒီလို ပါတီတွင်းမှာ သာမက ပါတီပြင်ပမှာပါ ကန့်ကွက်သူ ထောက်ခံသူတွေလည်း အမျိုးမျိုး ကွဲလွဲနေကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဒုတိယနေ့မှာလည်း ရီပတ်ဗလစ်ကန်ညီလာခံအတွင်း ပါတီခေါင်းဆောင်တွေ အပါအဝင် မိန့်ခွန်းပြောမယ့်သူတွေ တော်တေ်ာများ ရှိနေပါတယ်။ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင် ကန့်ကွက်သူတွေရဲ့ ဆန္ဒပြပွဲတွေလည်း ပိုပြီး ပြင်းထန်လာမယ်လို့ မျှော်လင့်ရပါတယ်။

Your browser doesn’t support HTML5

Republican ပါတီညီလာခံမှာ Donald Trump ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်လှုပ်ရှား

Your browser doesn’t support HTML5

ရီပတ်ဗလစ်ကန်ပါတီ ညီလာခံ