သမ္မတထရမ့်နဲ့ ဆွေးနွေးဖို့အသင့်ပဲလို့ ရုရှားတုံ့ပြန်

ယခင်မှတ်တမ်းရုပ်ပုံ | ဖင်လန်နိုင်ငံ Helsinki မြို့မှာ တွေ့ဆုံခဲ့ကြတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် (ဝဲ)နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဇူလိုင် ၁၆၊ ၂၀၁၈)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ဆွေးနွေးဖို့ ရုရှား သမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ဘက်ကအသင့်ပဲလို့ ရုရှားသမ္မတရုံးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

အမေရိကန်ဘက်က ဆွေးနွေးမယ်လို့ အချက်ပြတာကို စောင့်နေတယ်လို့ ရုရှားသမ္မတရုံးပြောခွင့်ရ Dimitry Peskov က ပြောကြားခဲ့တာပါ။ ယူကရိန်းစစ်ပွဲအရေးဆွေးနွေးဖို့ အသင့်ပဲလို့ သမ္မတပူတင်ရော အမေရိကန်သမ္မတသစ်ထရမ့်ပါ နှစ်ဘက်လုံးကပြောနေကြတာဖြစ်ပါတယ်။ ဘယ်တော့တွေ့ကြမှာလဲဆိုတာနဲ့ပတ်သက်လို့တော့ မမြင်နိုင်တဲ့အနာဂတ်ကို ကြိုပြောဖို့ခက်တယ်လို့ ရုရှားသမ္မတရုံးပြောခွင့်ရ Dimitry Peskov က ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ရုရှားစစ်တိုက်နေတာ ရပ်ဖို့သဘောမတူရင် ပိုမိုပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ခံရမယ်လို့လည်း သမ္မတထရမ့်က ခြိမ်းခြောက်ထားပါတယ်။ ရုရှားရောင်းနေတဲ့ လောင်စာဆီတွေကို လျှော့ချလိုက်ရင် ယူကရိန်းစစ်ပွဲ အဆုံးသတ်သွားလိမ့်မယ်လို့ သမ္မတထရမ့် ပြောတာကိုတော့ ရုရှားသမ္မတရုံးက ပယ်ချပြီး ပဋိပက္ခက လောင်စာဆီဈေးပေါ် မူတည်နေတာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Davos မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကြီးမှာ အမေရိကန်သမ္မတထရမ့်က ဆီဈေးကျရင် ရုရှား-ယူကရိန်းစစ် အဆုံးသတ်နိုင်တာမို့ ဆော်ဒီအာရေးဗီးယားနဲ့ OPEC ကမ္ဘာ့ရေနံတင်ပို့မှုနိုင်ငံများအဖွဲ့ကို တောင်းဆိုသွားမယ်လို့လည်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

သမ္မတထရမ့်နဲ့ ဆွေးနွေးဖို့အသင့်ပဲလို့ ရုရှားတုံ့ပြန်