ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ကမ္ဘာတလွှား သတင်းလွတ်လပ်ခွင့်တွေပိုပေးဖို့ မေတ္တာရပ်ခံရင်း မြန်မာနိုင်ငံမှာအဖမ်းခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးအကြောင်းကိုလည်း ရည်ညွှန်းပြောကြားသွားတယ်လို့ ရဟန်းမင်းကြီးကို သီးခြားတွေ့ဆုံခွင့်ရခဲ့တဲ့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံခရီးစဉ်နဲ့တဆက်တည်း ဘင်္ဂလားဒေ့ရှ်ကိုသွားပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့သာမက ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် သတင်းလွတ်လပ်ခွင်နဲ့ ပတ်သက်ပြီး အကာအကွယ်ပေးဖို့လိုအပ်တယ်လို့ ပုပ်ရဟန်းမင်းကြီးကဆိုပါတယ်။
အစိုးရတွေဟာ သူတို့ဖုံးကွယ်ချင်တဲ့ ကိစ္စတွေအတွက် မီဒီယာနဲ့ သတင်းလွတ်လပ်ခွင့်ကိုပိတ်ပင်တတ်ကြတယ်။ ဒါကိုတွန်းလှန်လှှုပ်ရှားရမယ်လို့လည်းဆိုပါတယ်။
အခုအခါမြန်မာနိုင်ငံမှာ အစိုးရက ရိုဟင်ဂျာလို့အသိအမှတ်မပြုတဲ့ ရခိုင်ပြည်နယ်က မူဆလင်တွေအကြောင်းသတင်းလိုက်ရင်း ရိုက်တာ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
သူတို့မှာ အပြစ်မရှိဘူးဆိုရင်လည်းလွှတ်ပေးရမယ်။ ရာဇဝတ်မှု သူတို့ကျုးလွန်တယ်ဆိုရင်လည်း သူတို့ကိုပြစ်ဒဏ်စီရင်ရမယ်၊၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အစိုးရက ဝင်မစွက်ရဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးကပြောပါတယ်။
ဒါ့အပြင် တချို့နိုင်ငံတွေဟာ ဒီမိုကရေစီလို့ နာမည်ခံပြီးတော့ သတင်းမီဒီယာအပေါ် ချုပ်ချယ် နေကြတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးကပြောကြားလိုက်ပါတယ်။
Your browser doesn’t support HTML5
မြန်မာသတင်း လွတ်လပ်ခွင့် ပုပ်ရဟန်းမင်းကြီး အလေးပေးပြောကြား