ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိလာအောင် ဝိုင်း၀န်း ဆုတောင်းကြဖို့ ဒီကနေ့ ကျရောက်တဲ့ ခရစ္စမတ် အခါသမယမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က တိုက်တွန်းလိုက်ပါတယ်။
ဗာတီကန်မှာရှိတဲ့ စိန့်ပီတာ ဘုရားကျောင်းမှာ ပုပ်ရဟန်းမင်းကြီးဦးဆောင်တဲ့ ခရစ္စမတ်နေ့ဆုတောင်းပွဲ အခမ်းအနားကို ဒီကနေ့ ခမ်းခမ်းနားနားကျင်းပခဲ့တာပါ။ ကမ္ဘာတဝှမ်းဖြစ်နေတဲ့ စစ်ပွဲတွေမှာ ကလေးသူငယ်တွေအပါအဝင် လူတွေဘေးဒုက္ခ ခံစားနေရတဲ့ အခြေအနေကို မမေ့ကြဖို့၊ စစ်ပွဲတွေ ရပ်ဖို့ ပုပ်ရဟန်းမင်းကြီးက အခုလို တိုက်တွန်းသွားပါတယ်။
''ဘုရားသခင်ရဲ့ အိပ်မက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု စိုးမိုးတဲ့ ကမ္ဘာသစ်တခုဖြစ်လာရေး စိန်ခေါ်မှုတွေကြုံနေရတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေအတွက် အမှန်တရားကိုရှာဖွေသူတွေဖြစ်လာဖို့ မျှော်လင့်ကြောင်း" ပုပ်ရဟန်းမင်းကြီးက ပြောသွားတာပါ။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရှုတ်ချကြောင်း ထပ်မံပြောကြားခဲ့တဲ့အပေါ် အစ္စရေးသံတမန်တွေက ချက်ချင်း ကန့်ကွက်ထားပါတယ်။
မနေ့ အင်္ဂါနေ့ ခရစ္စမတ်အကြိုနေ့အဖြစ် အစ္စရေးသိမ်းပိုက်ထားတဲ့ အရှေ့အလယ်ပိုင်း အနောက်ဘက် ကမ်းခြေက ခရစ်ယာန်ဘာသာ၀င်တွေ အထွတ်အမြတ်ထားတဲ့ Bethlehem မြို့ သမိုင်းဝင် ခရစ်ယာန် ဘုရားကျောင်းမှာ လူစုလူ၀ေးနဲ့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် Bethlehem ခရစ္စမတ် ပွဲတော်အလှဆင်တာမျိုးပျောက်ဆုံးနေတာ နှစ်နှစ် ဆက်တိုက်ရှိနေပါပြီ။
အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအရှိန်ကြီးမားနေတဲ့ ပါလက်စတိုင်း မြို့တော် အချက်အချာနေရာဖြစ်တဲ့ Manger Square မှာ ရာနဲ့ချီပါ၀င်တဲ့ လူအုပ်ကြီးဟာ ဆုတောင်း ချီတက်ပွဲပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနေရာဟာ ခရစ်ယာန်ဘာသာဝင်တွေ ယုံကြည်ကြတဲ့ ယေရှုခရစ် မွေးဖွားရာနေရာကို အမှတ်အသားပြုထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတည်ရှိတဲ့ နေရာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိဖို့ ခရစ္စမတ်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဆုတောင်း