အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ခေါင်းဆောင်ဟောင်းတချို့က နိုင်ငံရေးပါတီ သီးခြားတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာကို ဒီရက်ပိုင်းအတွင်းကမှ အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးဝင်းထိန် က မထောက်ခံတဲ့အကြောင်း ပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူနေရင်း ၁၉၉၆ ခုနှစ်ထဲက ဖမ်းဆီးထောင်ချ ခံထားရသူ ဦးဝင်းထိန်ဟာ ဇူလိုင်လ (၁၅) ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်အနေနဲ့ နိုင်ငံရေးကိစ္စကို အဓိကထား မေးချင်ပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးတခု သိချင်တာက ပထမတခေါက် လွတ်မယ်ဆိုပြီးတော့ အပြင်ကို ထွက်လာပြီဆိုတဲ့ သတင်းကြားပြီး ပြန်ရောက်သွားတာ ဘာကြောင့်လို့ နောက်ပိုင်းမှာ သိလာရပါသလဲ။ သူတို့အနေနဲ့ ဘယ်လိုတရားဝင် အကြောင်းကြားပါသလဲ။
ဦးဝင်းထိန် ။ ။ သူတို့ကတော့ မပြောပါဘူး။ ဒါပေမဲ့ ကျနော်မှန်းဆလို့ရတယ် ကျနော်ကို ထွက်ရမယ်ဆိုပြီးတော့ အပြင်ခေါ်ထုတ်ပြီးတော့ အပြင်က တည်ခိုရိပ်သာတခုမှာ ထားခဲ့တယ်။ ထားတော့ ကျနော်လည်း ဝမ်းမြောက်ဝမ်းသာနဲ့ အိမ်ကို အကြောင်းကြား၊ သားတွေသမီးတွေ အကြောင်းကြား ပြီးတော့ မမျှော်လင့်ဘဲနဲ့ ဌာနတခုက အင်တာဗျူးလာတယ်။ အင်တာဗျူးလာတော့ ကျနော်က တရားဥပဒေဘက်မှာ နှစ်ပေါင်းများစွာချတဲ့ကိစ္စတွေ နောက်ပြီးတော့ နိုင်ငံရေးအရ တဘက်သတ် ဖြစ်နေတဲ့ကိစ္စတွေ အဲဒါတွေကို ပြောလိုက်တယ်။ ပြောလိုက်ပြီးတော့ နောက်တနေ့ကြတော့ ကျနော်ကို လာခေါ်ပြီး ပြန်ထည့်သွားတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီမှာ ဘယ်လောက်ကြာသွားခဲ့သလဲ။
ဦးဝင်းထိန် ။ ။ အဲဒါက ၂၀၀၈ စက်တင်ဘာ (၂၃) နဲ့ (၂၄) ပေါ့။ ဆိုတော့ တနှစ်ခွဲကျော်ကျော်လောက်။
ဦးကျော်ဇံသာ ။ ။ အဲဒီ တစ်နှစ်ခွဲကျော်ကာလမှာ အဲဒီလို ပြောတဲ့အတွက်ကြောင့် ဘယ်လိုပြစ်မှုဆိုပြီး ရုံးတင်တာ၊ စစ်ဆေးတာ၊ တရားဥပဒေအရ အရေးယူလုပ်တာတွေ ဘာမှမရှိခဲ့ဘူးလား။
ဦးဝင်းထိန် ။ ။ အဲဒါက သူတို့ဥပဒေအရ ကျနော်ကို ရုံးတင်စစ်ဆေးတာတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်ဟာ ၁၉၉၆ ခုနှစ် မေလတည်းက ထောင်ထဲကို ဝင်ခဲ့တယ်။ ဝင်ခဲ့တဲ့အခါမှာ လျှော့ရက်ရတယ်။ အဲဒီလျှော့ရက်က ၂၀၀၉ ဒီဇင်ဘာမှာ လွတ်ရမယ်။ ဥပဒေအရ ပေးရမယ့် လျှော့ရက်။ အဲဒီ ပေးရမယ့် လျှော့ရက်ကို မလျှော့ဘဲနဲ့၊ လျှော့ရက်ကိုလည်း မပေးဘဲနဲ့ ဝန်ကြီးအမိန့်နဲ့ ထောင်ပိုင်းစကား - ဝန်ကြီးအမိန့်နဲ့ လျှော့ရက်တွေ ဖြတ်တယ်ဆိုပြီး အပြည့်အပြင် ချုပ်ရက်တွေပါ လျှော့လိုက်တယ်။
ဦးကျော်ဇံသာ ။ ။ ၁၄ နှစ်ကျော်သွားတာပေါ့။ အဲဒီကာလအတွင်းမှာ ဘယ်ထောင်တွေ ရောက်ခဲ့ပါသလဲ။
ဦးဝင်းထိန် ။ ။ ၉၆ တုန်းက အင်းစိန်ထောင်၊ နောက် ၉၇ မှာ မြင်းခြံ၊ ၂၀၀၁ မှာ မိတ္ထိလာထောင်ကို ခဏပြောင်းရတယ်။ နောက် မြင်းခြံထောင် ပြန်ရောက်တယ်။ ၂၀၀၆ မှာ မန္တလေးထောင် ပြောင်းရတယ်။ ၂၀၀၇ ရောက်တော့ ကသာထောင်။ ကသာထောင်မှာ (၃) နှစ်၊ မြင်းခြံထောင်မှာ (၉) နှစ်၊ မန္တလေးထောင်မှာ (၁) နှစ်ကျော်လောက်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင်ကတော့ ထောင်ထဲမှာ နေခဲ့တာကို စာအုပ်လည်းရေးတယ်။ ကျနော်ရဲ့ ဆက်သွယ်မေးမြန်းခန်းမှာလည်း သူပြောပါတယ်။ ကျနော်နားလည်သလောက်က အဆိုးဆုံးက ဆရာဦးဝင်းတင်ဟာ ရိုက်နှက်နှိပ်စက်ခံရပြီးနောက် သူ့သွားတွေ အကုန်ကျိုးသွားတယ်။ သွားမပါဘဲနဲ့ သွားဖုံးနဲ့ လုံးတီးဆန်ကို နှစ်ပေါင်းများစွာ ဝါးပြီး မျိုချခဲ့ရတယ့်သဘော သူပြောခဲ့ပါတယ်။ အင်မတန် ဆိုးဝါးတဲ့ ဒုက္ခလို့ ထင်ပါတယ်။ သူကိုယ်တိုင်လည်း လူ့ငရဲ လို့ စာအုပ်ထဲမှာ ခံခံပြင်းပြင်း ရေးထားတာ တွေ့ရပါတယ်။ ဦးဝင်းထိန် ကြုံတွေ့ခဲ့ရတယ် ထောင်တွင်းအတွေ့အကြုံတွေထဲမှာ အဲဒီလို မှတ်တမ်းတင်ရလောက်အောင် အဆိုးဆုံးတခုလောက် ပြောပြနိုင်မလား။
ဦးဝင်းထိန် ။ ။ ဒါကတော့ တချိန်မှာ သမိုင်းဖြစ်အောင် ကျနော်ကိုယ်တိုင်လည်း စာရေးဖို့ ကြိုးစားမယ်။ ၁၉၉၇ ခုနှစ် ဧပြီလ (၄) ရက်နေ့မှာ ကျနော်တို့ကို မြင်းခြံထောင်ကို ပို့လိုက်တယ်။ မြင်းခြံထောင်ကို ရောက်ပြီးတော့ ထောင်ဝမှာ ကျနော်တို့ ပစ္စည်းတွေ ရှာစရာရှိတာရှာပြီးတာနဲ့ ထောင်ဘူးက ထွက်တဲ့အချိန်ကစပြီး ကျနော်တို့ မျက်နှာတွေအုပ် အားလုံးပေါင်း (၈) ယောက် ကိုကိုဦး၊ ရှဲလ်၊ ခင်မောင်စိုး၊ ကျော်ဆန်း၊ ကိုအေးမြင့် တို့ပါတယ်။ အဲဒီ ထောင်ဘူးဝကနေ တိုက်ကို ဂိုက် (၄၀၀) လောက်ဝေးတယ်။ အဲဒါ နောက်ကနေ တဗုန်းဗုန်း တဒိုင်းဒိုင်း ရိုက်ပြီး ခေါ်သွင်းလာတာ။ ကျနော်တို့ အစက ထင်တာ ဝန်ထမ်းတွေ ရိုက်တာ အောက်မေ့တာ။ ကိုယ့်တိုက်ခန်းကို ထည့်ပြီးတဲ့အခါ ကြည့်လိုက်တော့ ရိုက်တဲ့ကောင်တွေက ဓမြတွေ၊ မုဒိန်းတွေ အဲဒီကောင်တွေက ကျနော်တို့ကို ရိုက်တာ။ အဲဒါတင်မကဘူး နောက်ပိုင်းမှာ နည်းနည်းလေး တဘက်ခန်းနဲ့တဘက်ခန်း စကားပြောတာကို သိရင် ရိုက်၊ အစားအသောက် တခန်းနဲ့တခန်း ပေးတာကို သိရင်ရိုက် အစရှိသဖြင့် အဲဒါမျိုးတွေပေါ့။ အဲဒါမျိုးတွေက တချိန်ကြရင် ကျနော်က သမိုင်းဖြစ်အောင် စာရေးမယ်လို့ စိတ်ကူးထားတယ်။
ဦးကျော်ဇံသာ ။ ။ အခုအခါမှာ လွတ်မြောက်လာပြီးနောက် အခုလို သတင်းဌာနတွေနဲ့ အင်တာဗျူးတွေ ပေးတဲ့အခါမှာတော့ ဦးဝင်းထိန် ကို လျှော့ရက်တော့ ပေးစရာမရှိဘူး။ ကုန်နေပြီလို့ လွတ်လိုက်တာပေါ့။ တခြား ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အခွင့်ကို ရုတ်သိမ်းတယ် ဘာညာဆိုပြီး ထောင်ထဲ ပြန်ထည့်စရာအကြောင်းတော့ မရှိဘူးလို့ ထင်ပါတယ်။
ဦးဝင်းထိန် ။ ။ မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဓိကကတော့ အဲဒီလို ထောင်ထဲနေခဲ့ရတယ့်အထဲမှာ ဦးခင်မောင်ဆွေ၊ ဦးသန်းငြိမ်း တို့နဲ့အတူ နေခဲ့ရပါသလား။
ဦးဝင်းထိန် ။ ။ ဦးခင်မောင်ဆွေ နဲ့ ကျနော် မြင်းခြံထောင်မှာ အတူတူ နေခဲ့ရတယ်။ မန္တလေးထောင်မှာလည်း သူနဲ့ကျနော်နဲ့ အတူတူလောက်ပဲ။
ဦးကျော်ဇံသာ ။ ။ ဦးဝင်းထိန်တို့ ဦးခင်မောင်ဆွေ တို့ဟာ အန်အယ်လ်ဒီမှာလည်း အတူတူ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။ ထောင်ထဲမှာလည်း ဒုက္ခတွေ အတူတူခံခဲ့ရတယ် ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ အခုအခါမှာ နိုင်ငံရေး အယူအဆအားဖြင့် တဘက်ဆီ လမ်းကြောင်းကွဲသွားတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို စိတ်ထားဖြစ်မိပါသလဲ။
ဦးဝင်းထိန် ။ ။ ကျနော်ကတော့ သူတို့ ယုံကြည်ချက်နဲ့ သူတို့လုပ်တယ့်အတွက်ကြောင့် ပုတ်ခတ်စရာလည်း မလိုဘူး။ သို့သော် မထောက်ခံတော့ မထောက်ခံဘူး။ ဒေါ်အောင်ဆန်းစုကြည် က မှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူလည်းမလုပ်ဘူးဆိုရင် ကျနော်ကလည်း မလုပ်ဘူး။ မှတ်ပုံတင် မလုပ်ဘူးဆိုရင် ထုံစံအတိုင်း သူတို့ဥပဒေအရ ရွေးကောက်ပွဲ မဝင်ရတော့ဘူးပေါ့။ အဲဒီ မဝင်ရတဲ့ကိစ္စမှာ ကျနော် ဘာမှ အတွန့်တက်စရာ မရှိဘူး။ သဘောတူတယ်။ ဦးခင်မောင်ဆွေ တို့ ဒေါက်တာသန်းငြိမ်းတို့ လုပ်တဲ့ကိစ္စလည်း ကျနော် ဘာမှ ပုတ်ခတ်စရာမရှိဘူး။ သူတို့ ယုံကြည်ချက်နဲ့ သူတို့လုပ်တယ်။ လုပ်ပါစေ အဲဒီလိုပဲ သဘောထားတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တစုတစည်းတည်း ရှိခဲ့တယ့် နိုင်ငံရေးအင်အားစုကြီးတခုက အခုလို နှစ်ခြမ်းကွဲလို့ ဖြစ်သွားတာဟာ အားပျော့သွားစေတယ်လို့ မထင်ဘူးလား။
ဦးဝင်းထိန် ။ ။ ကျနော်တော့ မထင်ဘူး။ ဘာကြောင့်လည်းဆိုရင် ယုတ်စွအဆုံး ကျနော်တို့ အန်အယ်လ်ဒီ ကို နှစ်ပေါင်း (၂၀) နှိပ်ကွပ်ထားတဲ့အခါမှာ ၈၉-၉၀ တုန်းက အနေအထား ကျနော်တို့မှာ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် အခုအချိန်မှာ ကွဲသည်ဖြစ်စေ၊ မကွဲသည်ဖြစ်စေ ကျနော်တို့ဟာ တစည လောက်တောင်မှ အင်အားရှိခြင်းမှရှိမယ်။ ဒါတွေကို ကျနော် ခေါင်းထဲထည့်ပြီး မစဉ်းစားတော့ဘူး။
ဦးကျော်ဇံသာ ။ ။ တချိန်ချိန်မှာ နှစ်ဖွဲ့ပြန်လည်ပေါင်းစည်းနိုင်တဲ့ အလားအလာကို မြင်မိပါသလား။ အဲဒီလိုမျိုး စဉ်းစားမိပါသလား။
ဦးဝင်းထိန် ။ ။ ကျနော်ကတော့ မထင်ဘူး။ ဘာကြောင့်လည်းဆိုတော့ ဥပမာဆိုပါတော့ ကျနော်အိမ်က ထောင်ဝင်စာလာတယ်။ လာတဲ့အခါမှာ ကျနော်က မေးကြည့်တယ်။ ကသာ က လူတွေက မှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားသလဲ၊ သိသလဲ၊ ကြားသလဲလို့ ကျနော်မေးတဲ့အခါမှာ အိမ်ကပြောတယ် - ကသာမှာ မြို့နယ် (ရ) မြို့နယ်ရှိတယ်။ အဲဒီ မြို့နယ် (၇) မြို့နယ်လုံးကနေ မှတ်ပုံမတင်ဖို့ ဆန္ဒပြုလိုက်တယ်ဆိုတော့ ဒါ အများသဘောထား။ အဲဒီ အများသဘောထားကို ကျနော်က သဘောလည်းတူတယ်၊ ကိုယ့်စိတ်နဲ့လည်း တိုက်ဆိုင်တဲ့အတွက်ကြောင့် သဘောကျတယ်။
ဦးကျော်ဇံသာ ။ ။ ထောင်ထဲမှာ နေတုန်းက ဦးခင်မောင်ဆွေ တို့နဲ့ ထောင်တွင်း ကြုံရတဲ့ကိစ္စဖြစ်ဖြစ်၊ နိုင်ငံရေးစကား ပြောဆိုဆွေးနွေးကြတဲ့အခါ ဖြစ်ဖြစ် သဘောထား ကွဲလွဲမှုတွေ၊ အဲဒီလို မတူညီတာ၊ ညှိနှိုင်းတာတွေ ရှိခဲ့ကြပါသလား။
ဦးဝင်းထိန် ။ ။ တကယ်တော့ ဦးခင်မောင်ဆွေ နဲ့ ကျနော်က မြင်းခြံထောင်မှာ စားအိုးတွဲ အတူတူစားကြတာ။ စားအိုးတွဲဆိုတာ ပေါင်းစားကြတာ။ အဲဒီကာလမှာ ဘာမှ ဟုတ်တိပတ်တိ သဘောထားကွဲလွဲတာ မရှိခဲ့ဘူး။
ဦးကျော်ဇံသာ ။ ။ အခု ဦးဝင်းထိန် က ဆက်ပြီတော့ ဘယ်လိုပါဝင် လှုပ်ရှားဖို့ ဆုံးဖြတ်ထားပါသလဲ။
ဦးဝင်းထိန် ။ ။ ကျနော်ကတော့ အန်အယ်လ်ဒီ ကနေ ချထားတဲ့ (အဖွဲ့တော့ မရှိတော့ဘူးပေါ့) ရွေးကောက်ပွဲ မဝင်ဘူး။ မဝင်ဘဲနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ရပ်တည်နေမယ်။ နောက်ပြီးတော့ လူမှုရေးကိစ္စတွေ လုပ်မယ်။ ထောင်ထဲမှာ လူတွေ အများကြီး ကျန်ခဲ့သေးတယ်။ အဲဒီလူတွေရဲ့ မိသားစု သူတို့ရဲ့ စားဝတ်နေရေးကိစ္စတွေကို တတ်နိုင်သမျှ ပံ့ပိုးမယ်။ နောက် တခြား လူမှုရေး လုပ်လို့ရတာတွေကို ရှိရင်လည်း ဝင်ကူမယ်။
ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ် အန်အယ်လ်ဒီ လုပ်နေတဲ့ လမ်းကြောင်းအတိုင်းပေါ့။
ဦးဝင်းထိန် ။ ။ သူတို့ လုပ်နေတယ်ဆိုတာကို ကြားတယ်။ ကျနော်ကတော့ ကျန်းမာရေးမကောင်းလို့ သူတို့နဲ့ သိပ်မရောနိုင်သေးဘူး။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေရင် တချိန်ချိန်မှာ အန်အယ်လ်ဒီ ဟာ ပင်မ နိုင်ငံရေးလမ်းကြောင်းထဲ mainstream politics ကို ဝင်လာနိုင်တဲ့ အခွင့်အလမ်းများ ဘယ်အချိန် ရလာနိုင်မယ်လို့ မျှော်လင်ပါသလဲ။
ဦးဝင်းထိန် ။ ။ ဒါကတော့ အခြေအနေပေါ်မှာ တည်ပါတယ်။ သူတို့က ရွေးကောက်ပွဲ ဖြစ်အောင်လုပ်မယ်။ အစိုးရအဖွဲ့သစ် ဖွဲ့ရအောင်လုပ်မယ်။ လုပ်ကြမှာပေါ့။ သို့သော်လည်း မမျှော်လင့်တဲ့ ကိစ္စတွေပေါ်လာနိုင်တယ်။ သို့သော်လည်း ဒါကိုတော့ ကျနော်တို့က အားမကိုးပါဘူး။ သို့သော် ကျနော်တို့ အများစုက အန်အယ်လ်ဒီ အများစုက မူလဆုံးဖြတ်ချက်အတိုင်း ကိုက်ညီတဲ့ဆန္ဒ ရှိတဲ့အတွက်ကြောင့် အလိုလိုနေရင် အားရှိတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက ဦးဝင်းထိန် ရဲ့ ကိုယ်ရေးကိုယ်တာ ကျန်းမာရေးပါ။ အခု ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုတာ ဘယ်လို ဝေဒနာမျိုး၊ ဘယ်လို ခံစားမှုမျိုးရှိပြီး ဘယ်လို ကုသမှု ခံနေရတယ်ဆိုတာကို နည်းနည်းပြောပေးပါ။
ဦးဝင်းထိန် ။ ။ ကျနော်နဲ့ ဦးခင်မောင်ဆွေ က ၂၀၀ရ ခုနှစ်တည်းက ကွဲသွားတာ။ ကျနော်က ကသာကို ရောက်တယ်။ ဦးခင်မောင်ဆွေ က လားရှိုးကို ရောက်တယ်။ ဦးခင်မောင်ဆွေ က ၂၀၀၈ မှာ လွတ်တယ်။ ကျနော်က အခု ၂၀၁၀ မှာ လွတ်တယ်ဆိုတော့ သူနဲ့ မတွေ့ရသေးဘူး။ ဘာမှလည်း မဖြစ်ဘူး။ ကျနော်ကိုယ်တိုင်ကတော့ နှလုံးသွေးကြော ကျဉ်းတယ်၊ လည်ပင်းအရိုး ကျီးပေါင်းတက်တယ်၊ အစားအိမ် အချဉ်ပေါက်တယ်၊ သွေးတိုးတယ် - အဲဒီ (၄) မျိုး ဖြစ်နေတယ်။
ဦးကျော်ဇံသာ ။ ။ ထောင်ထဲကို မရောက်ခင်ကတော့ ဒီရောဂါတွေ မရှိခဲ့ဘူးပေါ့။
ဦးဝင်းထိန် ။ ။ မရှိခဲ့ပါဘူး။