မလေးရှားနိုင်ငံ ဆန္ဒပြမြန်မာအများစု ပြန်လွတ်မြောက်

ဖေဖေါ်ဝါရီလ ၃ရက်က မလေးရှားနိုင်ငံမြန်မာသံရုံးရှေ့မှာကန့်ကွက်ဆန္ဒပြကြတဲ့မြန်မာများ photo- NLD (Organizing Committee International) Malaysia

[[Zawgyi/Unicode]]

မြန်မာနိုင်ငံကစစ်အာဏာသိမ်းနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံမှာဆန္ဒပြလို့ ဖမ်းဆီးခံရသူအများစု ပြန်လွတ်လာကြပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်က ကွာလာလမ်ပူမြို့တော်မှာ ဆန္ဒပြခဲ့ကြလို့ ၃၀ ထက်မနည်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် သက်တမ်းကျော်လွန်နေသူတွေတချို့ ကတော့ ဆက်ပြီးဖမ်းဆီးခံထားရတဲ့အကြောင်း ထိုင်းအခြေစိုက် ဗီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်း ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ မလေးရှားရောက် မြန်မာတွေဟာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မလေးရှားက NLD ပါတီဝင်တွေအပါအဝင် မလေးရှားရောက်မြန်မာတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြပွဲအပြီးမှာ အယောက် ၃၀ ထက်မနည်း ဖမ်းဆီးခံရတာပါ။ ဒီထဲက ၂၅ ဦး ဟာ ဒီကနေ့အင်္ဂါ နေ့မှာပြန်လွတ်လာခဲ့ကြောင်း မလေးရှား အခြေစိုက် NLD (OCI Organizing Committee International) ရုံးတာဝန်ခံ ဦးစိုးထက်သိန်းက ပြောပါတယ်။

“ဒီနေ့ အားလုံး ၂၅ ယောက်ပြန်လွတ်ပါတယ်။ ဖမ်းထားတာက ဂျင်ဂျမ်းမှာချုပ်ထားတယ်။ အမှုကိုင်တာကတော့ ပူတူးရဲစခန်းက အမှုကိုင်တယ်။ ရဲစခန်းမှာပဲ တရားဝင် ဒဏ်ကြေးဆောင်ခွင့်တောင်းတဲ့အခါမှာ အောင်မြင် သွားတယ်။ ကျနော်တို့က တရားရုံးမှာ ဒဏ်ကြေးဆောင်စရာမလိုဘဲ ရဲစခန်းမှာပဲ ဒဏ်ကြေးဆောင်ဖို့ ခွင့်ပြုခဲ့တယ်။ ဒီလူတွေကတော့တရားရုံး တက်စရာမလိုဘူး။ ၂ ပတ်အတွင်းကျသင့်တဲ့ဒဏ်ကြေးကိုဆောင်ပေးရမယ်ခင်ဗျ။ Over stay ၆ ယောက်ကတော့ ပြန်လွတ်မလာသေးဘူး။ ပြန်လွတ်လာဖို့အတွက် ကျနော်တို့ကြိုးစားနေပါတယ်ခင်ဗျ။”

ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆန္ဒပြပွဲပြီးလို့ လူစုခွဲချိန်ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရရချင်းကတော့ ၄၈ ယောက်လို့ ပြောကြပေမယ့် စာရင်းအတိအကျသိရချိန်မှာ ၃၀ ကျော်ဖြစ်တယ်လို့ သူတို့ကပြောပါတယ်။ မလေးရှား ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာအောင် NUG အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားကူညီခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူတဦးကပြောပါတယ်။

“ကျနော်တို့ရဲဘော်ရဲဘက်တွေအားလုံး ၁၄ ရက်နီးပါးဖမ်းဆီးချုပ်နှောင်ခဲ့ရတယ်။ ကျနော်တို့ကိုလည်းမြေပြင် ကနေ တတ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ လိုက်တယ်။ ကျနော်တို့ရဲ့NUG အစိုးရကလည်း မပစ်ပယ်ထားဘူး။ ကျနော်တို့လွတ်မြောက်ရေးအတွက် NUG နိုင်ငံခြားရေးဌာနကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ချိတ်ဆက်ပြီး လွတ်မြောက်ရေးဆောင်ရွက်ပေးခဲ့ပါတယ်။”

အခုပြန်လွတ်လာကြသူအားလုံးမှာ UNHCR အသိမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသူတွေနဲ့ တရားဝင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဖြစ်ကြတယ်လို့ မလေးရှားအခြေစိုက် NLD (OCI Organizing Committee International) ရုံးတာဝန်ခံ ဦးစိုးထက်သိန်းက ပြောပါတယ်။ ပြန်မလွတ်လာသေးသူ ၆ ယောက်ကတော့ နိုင်ငံကူးလက်မှတ်သက်တမ်းကျော်လွန်နေတဲ့ (အိုဗာစတေးဖြစ်နေတဲ့) မြန်မာနိုင်ငံသားများဖြစ်ကြပါတယ်။ ခွင်ြ့ပုချက်မရဘဲဆန္ဒပြခဲ့တဲ့အမှု၊ နိုင်ငံကူးလက်မှတ် သက်တမ်းကျော်လွန်နေတဲ့အမှုတွေနဲ့ ဆန္ဒပြသူတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ တရားဝင်ကော တရားမဝင်ပါ မြန်မာ ၅ သိန်းခွဲလောက်အလုပ်လုပ်ကိုင်နေကြပါတယ်ရှင်။

#MyanmarMilitaryCoup #MyanmarMigrants #MalaysiaMyanmar #VOABurmese #မလေးရှား #မြန်မာရွှေ့ပြောင်းအလုပ်သမား #စစ်အာဏာသိမ်း #ဆန္ဒပြ #ဦးစိုးထက်သိန်း

==========

[[Unicode]]








==========