အလုပ်သမား နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းမှာတရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို သင်္ကြန်ခွင့်ရက် (၁၅) ရက်ပေးဖို့ ထိုင်းအစိုးရက စဉ်းစား နေပါတယ်။ ဧပြီ (၁) ရက်ကနေ မေလ (၁၅) ရက်ကြား နေရပ်ပြန်ကြမယ့် မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကိုလည်း ထိုင်းနိုင်ငံပြန်လာတဲ့အခါ လွယ်ကူအောင် ကင်းလွတ်ခွင့် ပြုဖို့လည်း ထိုင်းဝန်ကြီးအဖွဲ့က ဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။ ဒါပေမယ့် ပြန်ရောက်လာသူတွေ အနေနဲ့ OWIC လို့ခေါ်တဲ့ အလုပ်သမားသက်သေခံကတ်ပြား လျှောက်ရမယ်လို့ မြန်မာ အလုပ်သမား ရေးဌာနက ကြေညာထားတာကြောင့် မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ အတော်လေး စဉ်းစားနေကြရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ထိုင်းလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတယ်လို့ နာမည်စာရင်း (Name list) တရားဝင် ထွက်ထားပြီးသူတွေ ကို သင်္ကြန်ခွင့် (၁၅) ရက်ပေးဖို့ ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဒီနေ့စည်းဝေးဆုံးဖြတ်နေကြောင်း ထိုင်းနယ်စပ်၊ ရွှေ့ပြောင်းအလုပ်သမားပညာပေးစင်တာက တာဝန်ခံ ဦးမိုးဝေက VOA ကိုပြောပါတယ်။ တချိန်တည်းမှာပဲ ခွင့်နဲ့ပြန်လာသူတွေ ပြည်ပပြန်ထွက်ရင် OWIC လို့ခေါ်တဲ့ အလုပ်သမား သက်သေခံ ကတ်ပြားကို အသစ်ထပ်လျှောက်ရမယ်လို့ မြန်မာအလုပ်သမားရေးဌာနဘက်က ဒီရက်ပိုင်းထဲမှာ ကြေညာလိုက်တာကြောင့် မြန်မာအလုပ်သမားတွေ သင်္ကြန်အားလပ်ရက် နေရပ်ပြန် မပြန် ဆုံးဖြတ်ရ ခက်နေကြပါတယ်။
အကောင်းဆုံးကတော့ ထိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကိုစောင့်ပြီးမှ နေရပ်ပြန်သင့် ကြောင်း အလုပ်သမားရေး ကူညီသူတွေကတော့ အကြံပြုပါတယ်။ တကယ်လို့ OWIC ကတ်ကို မြန်မာဘက်က အချိန်မီထုတ်မပေးဘူးဆိုရင် ပြည်ပ ပြန်ထွက်မရဘဲ အလုပ်ပြုတ်နိုင်တဲ့ အခြေအနေ လည်း ကြုံရနိုင်တယ်လို့ ဦးမိုးဝေက VOA ကို အခုလို ပြောပါတယ်။
"ခွင့်ကိုပေးဖို့ သူတို့ပြင်ဆင်ထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ပေးမယ်ဆိုတာကို နိုင်ငံ လုံခြုံရေး အစည်းအဝေးရှိတယ်လေ။ အစိုးရဝန်ကြီးများ အစည်းအဝေးပြီးမှပဲ ဒီလူတွေကို ဒီလိုမျိုး ပေးထွက်မယ်၊ ဘယ်လိုပြန်ဝင်မယ် ဆိုတာကို ရှင်းရှင်းပြောမယ်ဆို ကျနော့်အနေနဲ့ အကြံပေးချင်တာ က မြန်မာဘက်ကရော ထိုင်းဘက်ကရော ကြေညာချက်က clear မဖြစ်သေးဘူးဆို မပြန်တာကောင်း တယ်။ ဘာလို့ဆို ဟိုဘက် မြန်မာပြည်ရောက်ပြီးမှ OWIC ကတ် ထုတ်လို့မရဘူးဆို ပြဿနာရှိတယ်။ သူတို့ (ထိုင်းက) ပေးဝင်ဖို့ ခက်သွားပြီလေ။"
တကယ်လို့ ခွင့်ပြန်တဲ့သူတွေကို ထိုင်းဘက်က တံဆိပ်တုံးရိုက်ပေးပြီး မြန်မာဘက်မှာလည်း OWIC ကဒ်ကို ထပ်မလျှောက်ရဘူးဆိုရင် မြန်မာအလုပ်သမားတွေ ပြည်ပကို အလွယ်တကူ ပြန်ထွက်နိုင်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ (၁) ရက်ကနေ မေလ (၁၅) ရက်ကြား သင်္ကြန်ကာလအတွင်း ကိုယ့်သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်ကြတဲ့အခါ ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုတဲ့ ကင်းလွတ်ခွင့် ပေးကောင်း ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လ (၁၁) ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ထိုင်း Cabinet က အတည်ပြုပြီး ပြည်ထဲရေးဌာနက တရားဝင် ကြေညာဖို့ လိုအပ်ပါသေးတယ်။
ကိုရီးယားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေလည်း ဒီအတောအတွင်းမှာ ခွင့်ရက်ရှည်ရကြောင်း တချို့က VOA ကိုပြောပါတယ်။ ဒါပေမဲ့ ကိုရီးယားကို ပြန်လာမယ်ဆိုရင် မြန်မာဘက်မှာ OWIC ကတ်ကို ပြန်လျှောက်ရမှာဖြစ်လို့ အများစုက ခွင့်ယူဖို့ မဝံ့ရဲ ဖြစ်နေကြတာပါ။ မြန်မာဘက်က ပြန်ထုတ် မပေးဘူးဆိုရင် လစ်လပ်သွားတဲ့ အလုပ်သမားနေရာမှာ တခြား အလုပ်သမားတဦးကို အလုပ်ရှင်က အစားထိုးလိုက်မှာ ဖြစ်ပါတယ်။ ကိုရီးယားရောက် မြန်မာအလုပ်သမားတဦးက VOA ကို အခုလိုပြောပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံ ရောက်ပြီးကာမှ မလိုလားအပ်တဲ့ ပြဿနာဖြစ်တဲ့ပုံစံမျိုးမှာ ကျနော်တို့ရဲ့ အခွင့် အရေးတွေ ဆုံးရှုံးသွားနိုင်တယ်။ အာမခံလို့ မရဘူးပေါ့နော်။ ဒီ OWIC ကတ်ဆိုရင် မြန်မာဘက်က ဘယ်လိုအတိုင်းအတာနဲ့ လုပ်ပေးနေတာလဲဆိုတာ ပွင့်ပွင့်လင်းလင်းမရှိတဲ့အတွက် အချိန်အတိုင်း အတာ ဘယ်လောက်ကြာမှာလဲ ခန့်မှန်းလို့မရဘူးဖြစ်တဲ့အတွက် ကျနော်တို့အတွက် နစ်နာဆုံးရှုံးမှုတွေ ဖြစ်နိုင်တယ်။ စက်ရုံအငယ်စားထဲမှာဆိုရင် လူပိုဆိုတာ မရှိဘူး။ လူတယောက်မရှိရင် တခြားလူနဲ့ လည်ပတ်ကြတာဖြစ်တဲ့အတွက် အတိုင်းအတာအကြာကြီးအထိ စောင့်ပေးနိုင်တဲ့ စက်ရုံရှားတယ်ပေါ့။ အလုပ်တွေပါးနေတယ်။ မင်းပြန်ချင်လည်း ပြန်ပေါ့၊ တချို့လည်း မင်္ဂလာဆောင်ချင်လို့ဆို စက်ရုံတွေက နားလည်မှုနဲ့ ခွင့်တွေကလူတိုင်းလိုလို လွယ်လွယ်နဲ့ရတယ်ခင်ဗျ။"
ထိုင်းအစိုးရက မြန်မာအလုပ်သမားတွေကို ခွင့်နဲ့ ပြန်ခွင့်ပေးမယ်၊ မပေးဘူးဆိုတဲ့ ကိစ္စတွေကို မသိရှိ သေးကြောင်း ဘန်ကောက်မြို့က မြန်မာသံအရာရှိက VOA ကို ဖုန်းနဲ့ဖြေကြားခဲ့ပါတယ်။ ထိုင်းအစိုးရ ဟာ မြန်မာနဲ့နယ်စပ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို ရှင်းလင်းချင်တာကြောင့် အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတာ၊ နေရပ်ပြန်ပို့တာတွေ ဆက်တိုက်လုပ်နေ ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း သူ့နိုင်ငံရဲ့ လုပ်သားလိုအပ်ချက်ကို ထိန်းညှိဖို့ မြန်မာနိုင်ငံသားတွေကို အလုပ်လုပ်ခွင့်ကတ်တွေ ထုတ်ပေးဖို့လည်း လုံးပန်းနေတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားနဲ့ သက်ဆိုင်တဲ့ ဥပဒေမူကြမ်းတခုကို ထိုင်းအစိုးရအဖွဲ့က ၂၀၂၄၊ စက်တင်ဘာလ (၂၂) ရက်မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းထဲမှာ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ပန်းရောင်ကတ် အသစ်ထုတ်ပေးဖို့၊ သက်တမ်းကုန်နေသူတွေကို သက်တမ်းပြန်တိုးပေးဖို့၊ နယ်စပ်မှာ အလုပ်လာလုပ်တဲ့ သူတွေကို သုံးလနေထိုင်ခွင့်ကနေ ခြောက်လအထိ တိုးပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
Your browser doesn’t support HTML5
နိုင်ငံခြားလုပ်သားတွေ သင်္ကြန်ခွင့်ရက်ရှည်ပေးဖို့ ထိုင်းစဉ်းစား