အင်တာနက်ပေါ်က ဖုန်းဆက်သွယ်မှု ပိတ်ထား

အင်တာနက်ပေါ်က ဖုန်းဆက်သွယ်မှု ပိတ်ထား

မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေမှာ လူအများ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေကြတဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကို အသုံးမပြုကြဖို့ အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။ အသံသာမက ရုပ်ပါမြင်နိုင်တဲ့ အင်တာနက်ကတဆင့် ဆက်သွယ်မှုတွေ တွင်ကျယ်လာတဲ့အတွက် အစိုးရရဲ့ ဝန်ဆောင်မှု လုပ်ငန်းမှာ ထိခိုက်ရတယ်ဆိုပြီး တားမြစ်လိုက်တာပါ။ ဒီညွှန်ကြားချက်ကြောင့် အင်တာနက် သုံးစွဲသူတွေ၊ ဆိုင်ပိုင်ရှင်တွေအဖို့ စိတ်မသက်သာစရာ ဖြစ်နေရပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အင်တာနက်ကတဆင့် အသုံးပြုနိုင်တဲ့ Skype, Gtalk, Pfingo, VZO စတဲ့ ကွန်ရက်တွေကနေ ပြည်ပကို ဆက်သွယ် ခေါ်ယူနေတာတွေကို မပြုလုပ်ကြဖို့ ဝန်ဆောင်မှုလုပ်ငန်း လုပ်နေတဲ့ Myanmar Info-Tech ကော်ပိုရေးရှင်းက သတိပေးလိုက်တာပါ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ညွှန်ကြားချက်ကို ထပ်ဆင့်ဖော်ပြထားတဲ့ ကုမ္ပဏီရဲ့ မတ်လ ၁၀ ရက်နေ့ ကြေညာချက်ထဲမှာတော့ အင်တာနက်ကတဆင့် နိုင်ငံခြားကို ခေါ်ဆိုတာ၊ လက်ခံတာ၊ ကြော်ငြာတာတွေနဲ့ တရားဝင် ခွင့်ပြုမထားတဲ့ လုပ်ငန်းတွေကို လုပ်ခွင့်မရှိဘူးလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား အများအပြားကြား ရေပန်းစားလာနေတဲ့ အင်တာနက်ကတဆင့် အသံသာမက ရုပ်နဲ့ပါ ဆက်သွယ်မှုတွေကို တားမြစ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်လာတဲ့အတွက် ဒီလုပ်ငန်းတွေ လုပ်နေတဲ့ အင်တာနက်ဆိုင်တွေ၊ သုံးစွဲသူတွေ အခက်တွေ့ရမယ့်အဖြစ် ကြုံရမှာကို စိုးရိမ်သံတွေလည်း ထွက်ပေါ်လာပါတယ်။

“ဒီဟာတွေတော့ အများစုက အခြေခံ လူတန်းစားတွေ သုံးတာဗျ။ မလေးမှာ အလုပ်သွားလုပ်နေတဲ့သူကို အိမ်မှာကျန်ခဲ့တဲ့ သူတွေက လာခေါ်တယ်။ ခေါ်တဲ့နှုန်းကတော့ ပုံမှန်ဆို မလေးတို့၊ ယိုးဒယားတို့ဆို တမိနစ်ကို ၁၀၀။ အမေရိကားဆိုရင် တမိနစ်ကို ၁၀၀။ UAE ဘက်ကျတော့ နည်းနည်းဈေးကြီးတယ်၊ တမိနစ်ကို ၆၀၀ လောက် ဖြစ်သွားတယ်။ သူတို့လက်ရှိ ယူနေတာ တမိနစ်ကို ပြား ၉၀ လေဗျာ၊ ဈေးအသက်အသာဆုံးက တမိနစ်ကို FEC ပြား ၉၀ လေ။

“မလေးရှားမှာ သူ့သား သွားအလုပ်လုပ်နေတယ် ထားပါတော့၊ အဲတော့ သူ့သားကို ဖုန်းဆက်ပြီးတော့ လှမ်းပြောတယ်၊ ၃၀,၀၀၀ လောက် ပို့လိုက်ပါဦး၊ ၄၀,၀၀၀ လောက် ပို့လိုက်ပါဦး၊ အဲဒီလိုမျိုး ပြောနေတဲ့လူက FEC ပြား ၉၀ နဲ့ ဘယ်လိုလုပ် သူ့သားကို ခေါ်နိုင်မှာလဲ။ တမိနစ်ကို FEC ပြား ၉၀ ပေးပြီး ဘယ်သူက ခေါ်နိုင်မှာတုန်း။ တမိနစ် ၁၀၀ ပဲပေးပြီး ခေါ်မှာပေါ့။ နှစ်ဦးနှစ်ဘက် ဘယ်လိုမှ အဆင်မပြေတဲ့ ကိစ္စကြီးပေါ့ဗျာ။”

မြန်မာ့ဆယ်သွယ်ရေးလုပ်ငန်းရဲ့ မတ်လ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာတော့ ဒီလို အင်တာနက်ကတဆင့် ပြည်ပဆက်သွယ်မှုတွေ ရေပန်းစားလာနေတဲ့အတွက် တရားဝင် နိုင်ငံခြား ခေါ်ဆိုနေတဲ့ လုပ်ငန်းတွေ ကျဆင်းပြီး ဝင်ငွေထိခိုက်ရတယ်လို့ ဖော်ပြခဲ့တာပါ။ ဒီအတွက် အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေ အနေနဲ့ ဒီလုပ်ရပ်တွေကို တားမြစ်ကြဖို့နဲ့ လိုအပ်ရင် အရေးယူတဲ့အထိ လုပ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အင်တာနက် ဆက်သွယ်မှုတွေဟာ တခြားနိုင်ငံတွေနဲ့စာရင် နိမ့်ကျနေဆဲ ဖြစ်သလို မကြာခဏ ပြတ်တောက်တာ၊ အခုရက်ပိုင်းတွေ အတွင်းမှာ ဆိုရင်လည်း သိသိသာသာ နှေးကွေးနေတာတွေ ရှိလို့ သုံးစွဲသူတွေ ညည်းညူနေကြတာပါ။ ဒီကြားထဲကမှ အခုတခါ ကန့်သတ်မှုတွေ လုပ်လာတဲ့အတွက် အင်တာနက်ကနေ ပြည်ပရောက် မိသားစုဝင်တွေကို ဆက်သွယ်နေကြသူတွေ အဖို့တော့ ပိုပြီး အခက်ကြုံရမှာကို ပူပန်မိတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။

“GTalk တို့ Skype တို့ အဲဒါကိုပဲ အားကိုးနေရတာ။ အခုတော့ အဲဒါတွေလည်း ဆက်သွယ်လို့ မရဘူး။ နောက် မြင်ချင်တော့ အဲဒါတွေ ဆက်လို့မရတော့ဘူး။ အီးမေးလ်တွေကလည်း Connection မကောင်းရင် မထွက်ဘူး။ မထွက်တော့ အဲဒါလည်း မပို့ဖြစ်ဘူး။ ဥပမာ သမီးလေးရဲ့ မွေးနေ့ကို နှုတ်ဆက်ချင်တာတို့ ဘာတို့တောင် လုပ်လို့မရဘူး။ လုပ်လို့မရတဲ့ အခါကြတော့ ဖုန်းခကလည်း ကြီးတဲ့အခါကြတော့၊ ဒါတွေကို အသုံးမပြုနိုင်တော့ လုံး၀ အဆက်အသွယ် ပြတ်သွားသလို ခံစားရပြီးတော့ စိတ်မကောင်းတော့ ဖြစ်မိတာပေါ့လေ။

“လိုင်းဖုန်းကို သုံးပြီးတော့ နိုင်ငံခြားကို ဆက်မယ်ဆိုလည်း FEC နဲ့ သွင်းရပါတယ်။ ကျပ်သွင်းတဲ့နေရာက တပိုင်းပေါ့၊ ပြည်တွင်း ဆက်တာတွေက။ FEC က နောက်တနေရာမှာ တခါ သွင်းရတယ်။ အဲဒီလို သွင်းတဲ့အခါကြတော့ အချိန်ကုန်တယ်၊ လူပင်ပန်းတယ်၊ FEC ကို ရှာပြီး ဝယ်ရတယ်။ အဲဒီလိုမျိုး ဒုက္ခတွေကလည်း ရှိတော့ အဲလိုလည်း မဆက်ဖြစ်ဘူး၊ ဈေးကြီးတာလည်း တကြောင်းပေါ့လေ။”

လူ့အခွင့်အရေး စောင့်ကြည့်သူတွေကတော့ မြန်မာနိုင်ငံဟာ အင်တာနက် သုံးစွဲမှုတွေအပေါ် ကန့်သတ်ချုပ်ချယ်တဲ့ တိုင်းပြည်တခု အဖြစ်နဲ့ သတ်မှတ်ထားကြတာပါ။ ဝက်ဘ်ဆိုက်ဒ်တွေကို ပိတ်ပင်တာ၊ အင်တာနက် ဘလော့ဂါတွေကို ဖမ်းဆီးတာ၊ သုံးစွဲမှုတွေကို ကန့်သတ်မှုတွေ ရှိတဲ့အတွက် သတင်းမီဒီယာ လွတ်လပ်ခွင့် စောင့်ကြည့်နေတဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကတော့ မြန်မာစစ်အစိုးရကို အင်တာနက်ရဲ့ ရန်သူအဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။