တီဘီဆိုင်ရာ နောက်ထပ် နိုင်ငံတကာလမ်းညွှန်ချက်

  • ဝင်းမင်း

တောင်အာဖရိကနိုင်ငံ Cape Town မြို့ရှိ တီဘီရောဂါတိုက်ဖျက်ရေး ဆေးဝါးသုတေသနဌာနမှာ ကျန်းမာရေးပညာရှင်များ စမ်းသပ်သုတေသန လုပ်နေကြ (AP Photo/Jerome Delay, File)

တီဘီရောဂါ ထိန်းချုပ်၊ အဆုံးသတ်နိုင်ရေး ဆက်လုပ်သင့်တဲ့ နောက်ထပ် နိုင်ငံတကာလမ်းညွှန်ချက်တွေ ရှိသေးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။

ဒီလမ်းညွှန်ချက်တွေကို အိန္ဒိယနိုင်ငံ Goa မြို့ ဆွေးနွေးပွဲကနေ၊ ၂၀၃၀ ခုနှစ်မှာ တီဘီအဆုံးသတ်ရေး တိုးမြှင့်လုပ်ဖို့ မနှစ်က ကြေညာခဲ့ပါတယ်။ ဒီအထဲ နောက်ထပ် တီဘီဆေးစစ်တာ၊ ခွဲခြားမှုမရှိဘဲ ကြိုတင်ကာကွယ်ကုသတာ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်တာ၊ ရန်ပုံငွေ ကြိုစုထားတာ၊ သုတေသနလုပ်ပြီး နည်းသစ်ဆေးသစ် ရှာဖွေအသုံးပြုတာတွေ ပါဝင်ပါတယ်။ နောက်ထပ် ဆေးစစ်တာမှာတော့ ဆေးယဉ်ပါး တီဘီပိုးကို တီဘီလူနာတိုင်းဆီကနေ ဆက်စစ်ဆေးဖို့နဲ့ တီဘီကုသပြီး လူနာတွေကိုလည်း ပျောက်တာသေချာအောင် ပြန်ဆေးစစ်ဖို့တွေ ပါဝင်ပါတယ်။

ခွဲခြားမူမရှိဘဲ တီဘီ ကြိုတင်ကာကွယ် ကုသဖို့လမ်းညွှန်တာမှာတော့၊ လူထုဗဟိုပြု လူ့အခွင့်အရေးအခြေခံပြီး၊ ကျားမခွဲခြားမှု၊ နှိမ်ချခွဲခြားဆက်ဆံမှုနဲ့ အမဲစက်ထင်စေမှု မရှိစေဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ပျံ.ပွားမှုများစေတဲ့ အဆုပ်တီဘီကို အသေအချာ ကုသပေးတာ၊ တီဘီ ဖြစ်စေနိုင်တဲ့ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး သောက်သုံးတာဖြတ်ရေး ပညာပေးကူညီဖို့၊ မကူးစက်တဲ့ နာတာရှည်ရောဂါတွေကနေ ကာကွယ်ပေးဖို့၊ အာဟာရ ဖြည့်ပေးဖို့၊၊ ငုပ်လျိုးတီဘီဖြစ်နိုင်ခြေများသူတွေကို ဆေးစစ်ပြီး အစပိုင်း ပိုးတွေ့တာနဲ့ ရောဂါအဆင့်မရောက်ခင် စောစောစီးစီး ကုသပေးဖို့တွေလည်း ပါဝင်ပါတယ်။

တချိန်ထဲမှာ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့မှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တာ ပိုမြှင့်တင်ဖို့ လမ်းညွှန်ထားပါတယ်။ သို့မှသာ တီဘီတိုက်ဖျက်ရေး လုပ်နေသူတွေအနေနဲ့ ပြည်သူကို ဦးစားပေးလုပ်ဆောင်သင့်တာကို ပိုနားလည်ပြီး လုပ်ငန်းပိုထိရောက်လာမှာပါ။ ဒါ့အပြင် တီဘီဆိုင်ရာ ဘဏ္ဍာငွေ လုံလောက်နေပြီလို့ မယူဆဘဲ၊ အပိုငွေ ကြိုစုဆောင်းထားဖို့ လိုတာကလည်း ရံပုံငွေ ပြတ်လတ်လာခဲ့လျှင် ပြန်ဖြည့်ပြီး ဆက်လုပ်နိုင်ဖို့ပါ။ ဒီအတွက် ရံပုံငွေ ထောက်ပံ့နိုင်သူတွေကို ကြိုရှာထားရပါမယ်။ သုတေသနလုပ်ပြီး နည်းသစ်ဆေးသစ် ရှာဖွေအသုံးပြုဖို့ကလည်း စိတ်ချရပြီး ထိရောက်တဲ့ ရောဂါရှာဖွေရေးနည်းသစ်၊ ဆေးသစ်ပိုရဖို့နဲ့ ဒါတွေကို နှောင့်နှေးမှုမရှိစေဘဲ ချက်ချင်းပိုအသုံးချနိုင်အောင် ကြိုးစားပေးဖို့ပါ။

ဒါ့အပြင် သတင်းမီဒီယာသမားတွေကိုလည်း တီဘီတိုက်ဖျက်ရေးမှာ အရေးပါတဲ့ တန်းတူမိတ်ဘက်အဖြစ် သဘောထားဖို့လည်း လမ်းညွှန်ထားပါတယ်။ သို့မှသာ တီဘီ ထိန်းချုပ်အဆုံးသတ်ရေး လုပ်နေသူတွေနဲ့ တီဘီလူနာအကြား သတင်းအချိတ်အဆက်မိပြီး လုပ်ငန်းပိုအောင်မြင်လာမှာပါ။ သတင်းမီဒီယာတွေဘက်ကလည်း ပွင့်လင်းမြင့်သာမှုနဲ့ တီဘီဆိုင်ရာသတင်းတွေ ထုတ်လွှင့်ပေးတာအပြင်၊ အများနားလည်ရခက်နိုင်တဲ့ ဆေးနဲ့သိပ္ပံပညာ အသုံးအနှုန်းတွေအစား လူအများ နားလည်လွယ်တဲ့ အသုံးအနှုန်းတွေ သုံးပေးသင့်ပါတယ်။ သတင်းမီဒီယာတွေအနေနဲ့ ဆေးနဲ့သိပ္ပံဆိုင်ရာ သတင်းစာနယ်ဇင်းပညာ ဖြန့်ဝေပေးဖို့နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းထောက်ကွန်ယက်တွေ ထူထောင်ပြီး အတွေ့အကြုံ မျှဝေပေးဖို့လည်း အကြံပြုထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။