မြန်မာစစ်တပ်ဟာ ခရစ္စယာန်ဘာသာဝင် တိုင်းရင်းသား ကချင်မျိုးနွယ်စုတွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ညှဉ်းပန်း နှိပ်ကွပ်နေဆဲဘဲလို့ ရဟန်းအမတ် Cardinal Charles Bo က ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဖြစ်ရပ်ဟာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိပါးစေတဲ့ ဆိုးရွားတဲ့ အမဲစက်ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ Cardinal Charles Bo က ပြောကြားလိုက်တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် တောင်ပေါင်းများစွာသော တိုင်းရင်းသား မျိုးနွယ်စုတွေဟာလည်း ထိခိုက် ဒဏ်ရာရတာ၊ သေဆုံးတာနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာလည်း လျှစ်လျူရှုခြင်း ခံနေရတယ်လို့ Cardinal Charles Bo က ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းက ကျေးရွာတွေ ဗုံးကျဲခံရပြီး မီးလောင်ကုန်တာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာ၊ ဘုရားကျောင်းတွေ ဖျက်ဆီးခံရတာနဲ့ ဒေသခံ ရွာသားတွေကိုလည်း မိုင်းရှင်းလင်းရေးနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရကြောင်း တောင်ကိုရီးယားနိုင်ငံက ကက်သလစ် တက္ကသိုလ်မှာ ကျင်းပတဲ့ ညီလာခံကို တက်လာကြတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကျွမ်းကျင်သူတွေ Cardinal Charles Bo က ပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီနဲ့ ဧပြီလတွေမှာ မြန်မာစစ်တပ်က လေကြောင်းစစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ ၇,၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဘာသာခြား မုန်းတီးရေး လှုံ့ဆော်သူတွေကို အသုံးချပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ထောက်ခံ အားပေးသူတွေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်းလည်း Cardinal Charles Bo က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ရိုဟင်ဂျာ ပဋိပက္ခကိုလည်း ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံမှာ Cardinal Charles Bo ဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် စည်းရုံး လုပ်ဆောင်နေသူတဦးလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ရဟန်းအမတ် Charles Bo မြန်မာ့ လူ့အခွင့်အရေးအခြေအနေ စိုးရိမ်