ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီက ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်တင်မြှောက်နိုင်ဖို့ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မဟာမိတ် Pheu Thai ပါတီထဲက တယောက်ကို ဝန်ကြီးချုပ်လောင်း အဆိုပြုမယ်လို့ ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရခဲ့တဲ့ ပါတီထဲက ဝန်ကြီးချုပ်ရာထူးအတွက် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ Move Forward ပါတီ အထွေထွေအတွင်းရေးမှူး Chaitawat Tulathon က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
Move Forward ပါတီအနေနဲ့ မစ္စတာ Pita ကို ဝန်ကြီးချုပ် အဆိုပြုတာ မအောင်မြင်ခဲ့ပေမဲ့၊ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်က ပျောက်မသွားပါဘူး။ ဒါက လက်ရှိအစိုးရအုပ်ချုပ်မှု အဆုံးသပ်သွားတာမြင်ချင်ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ အစိုးရသစ်ဖွဲ့ဖို့က အဓိက ရည်မှန်းချက်ဖြစ်တယ်လို့ Move Forward အထွေထွေ အတွင်းရေးမှူးက ပြောကြားသွားခဲ့တာဖြစ်ပါတယ်၊ ဝန်ကြီးချုပ်သစ်အဖြစ် Pita ကို အဆိုပြုပေမဲ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ စစ်တပ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေအပါအဝင် ကန့်ကွက်ခဲ့ကြပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ဖွဲ့စည်းပုံတရားရုံးက သူ့ကို လွှတ်တော်အမတ်တာဝန်ကပါ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာတွေပိုင်ဆိုင်မှုကြောင့် လွှတ်တော်အမတ် ဖြစ်သင့်ရဲ့လားဆိုပြီး တရားစွဲထားတဲ့အမှုကို ဆက်လက် စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat
စစ်တပ်ကြီးစိုးထားတဲ့ အုပ်ချုပ်ရေးကို ငြီးငွေ့နေကြတဲ့ လူငယ်ထုနဲ့ မြို့နေ လူတန်းစားအများစု ထောက်ခံမှုနဲ့ မေလရွေးကောက်ပွဲမှာ Move Forward ပါတီ နဲ့ မစ္စတာ Pita အပေါ် ထောက်ခံမှုအကြီးအကျယ်ရခဲ့တာဖြစ်ပါတယ်။ ဘုရင်စနစ်နဲ့ပါတ်သက်တဲ့ ဥပဒေပြင်ဆင်မယ်လို့ Move Forward ပါတီက ပြောကြားခဲ့တဲ့အတွက် ဘုရင်စနစ်လိုလားသူတွေက ပါတီခေါင်းဆောင် Pita ဝန်ကြီးချုပ်ဖြစ်မှာကို ကန့်ကွက်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5
Pheu Thai ပါတီဝင် ဝန်ကြီးချုပ်လောင်း Move Forward အဆိုပြုမည်