VOA အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် Kari Lake ကို Trump လျာထား

ရွေးကောက်ခံသမ္မတထရမ့်က ဗွီအိုအေ အမေရိကန်အသံလွှင့်ဌာနရဲ့ ညွှန်ကြားရေးမှူးအသစ်အဖြစ်လျာထားအဆိုပြုခံရသူ Arizona ပြည်နယ်၊ Phoenix မြို့က KSAZ-TV သတင်းဌာနရဲ့ သက်တမ်းနှစ် ၂၀ သတင်းကြေညာသူဟောင်း Kari Lake (နိုဝင်ဘာ ၄၊ ၂၀၂၄)

ဗွီအိုအေ အမေရိကန်အသံလွှင့်ဌာနရဲ့ ညွှန်ကြားရေးမှူးအသစ်အဖြစ် Kari Lake ကို ခန့်ဖို့ ရွေးချယ်ထား တယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က မနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကြေညာပါတယ်။

သတင်းတုတွေဖြန့်နေတဲ့ အလိမ်အညာ သတင်းမီဒီယာတွေလိုမဟုတ်ဘဲ အမေရိကန်ရဲ့ လွတ်လပ်မှု တန်ဖိုးတွေကို ကမ္ဘာကို မှန်ကန်မျှတစွာထုတ်လွှင့်နိုင်ဖို့ Lake က အသေအချာလုပ်လိမ့်မယ် Trump က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့တာပါ။

‘အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ စိတ်ပျက်စရာတွေ ထုတ်လွှင့်နေတယ်’ လို့ ၂၀၂၀ ခုနှစ်တုန်း က ဗွီအိုအေနဲ့ပတ်သက်လို့ ပြောကြားခဲ့တာအပါအဝင် ရွေးကောက်ခံသမ္မတ Trump ဟာ VOA အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပါတယ်။

ဗွီအိုအေကိုဦးဆောင်ဖို့ သူ့ကို Trump ရွေးချယ်တဲ့အပေါ် ဂုဏ်ယူကြောင်းနဲ့ ဘာသာစကားပေါင်း ၄၈ မျိုးနဲ့ ထုတ်လွှင့်နေတဲ့ ဗွီအိုအေအနေနဲ့ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ကမ္ဘာတဝန်းအမေရိကန်တွေရဲ့ အောင်မြင်မှု တွေကို သမိုင်းမှတ်တမ်းတင်တာအပါအဝင် ဗွီအိုအေရဲ့ ရည်မှန်းချက်တွေ ထူးကဲ သာလွန်စေရမယ်လို့ Kari Lake က X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

မြန်မာဌာနအပါအဝင် ဗွီအိုအေသတင်းဌာနဟာ အာရှ၊ ဥရောပနဲ့ အာဖရိကတိုက်နိုင်ငံတွေကို ရေဒီယို အပြင် ရုပ်သံတွေသတင်းတွေပါ ထုတ်လွှင့်နေတာဖြစ်ပါတယ်။ လွှတ်တော်က အတည်ပြုချမှတ်ပေးတဲ့ အစိုးရအသုံးစရိတ်နဲ့လည်ပတ်နေတာဖြစ်ပေမဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာသတင်းတွေကို သီးခြားလွတ်လပ်စွာ မှန်မှန်ကန်ကန်ထုတ်လွှင့်နေတဲ့သတင်းဌာနအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

Arizona ပြည်နယ်၊ Phoenix မြို့က KSAZ-TV သတင်းဌာနမှာ အနှစ် ၂၀ ကျော် ရုပ်သံသတင်း ကြေညာသူအဖြစ်လုပ်ခဲ့ဖူးသူ Kari Lake ဟာ Trump ရဲ့ အမာခံထောက်ခံသူဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်လို့ သဘောထားတင်းမာသူဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းမှားအပါအဝင် အငြင်းပွားစရာမှတ်ချက်တွေကို လူမှုကွန်ရက်ပေါ်တင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်က Arizona ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်အရွေးခံခဲ့တုန်းက ရှုံးနိမ့်ခဲ့သလို အခု ၂၀၂၄ ခုနှစ်မှာလည်း အထက်လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံခဲ့ပေမဲ့ အနိုင်မရခဲ့ပါဘူး။

Your browser doesn’t support HTML5

 VOA အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် Kari Lake ကို Trump လျာထား