ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့တဝိုက် အကြီးအကျယ် လောင်ကျွမ်းနေတဲ့ မီးကြောင့် သေဆုံးသူ ၁၀ ဦးရှိနေပြီလို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ လောလောဆယ် ဧက သုံး သောင်း (၃၀,၀၀၀) နီးပါး မီးလောင်ကျွမ်းနေတာကြောင့် ထောင်နဲ့ချီတဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။ ထိခိုက်ခဲ့သူတွေကို အကူအညီတွေပေးသွားမယ်လို့ သမ္မတ Joe Biden က ကတိပြုထားပါတယ်။
LA အနောက်ဘက်က Pacific Coast Highway ပေါ်မှာ ဘေးလွတ်ရာမောင်းပြေးနေကြတဲ့ မော်တော်ယာဥ်များ။ (ဇန်နဝါရီ ၇၊ ၂၀၂၅)
ဘေးဒုက္ခဒဏ် ခံထားရတဲ့မိသားစုတွေအနေနဲ့ အိပ်မက်ဆိုးမက်သလိုဖြစ်နေကြတာကို သူ့အနေနဲ့ နားလည်ကြောင်း၊ ဘဝတွေ ပြန်လည်ထူထောင်တည်ဆောက်နိုင်ဖို့ ကူညီသွားမယ်လို့ ကတိပြုကြောင်း သမ္မတ Biden က ကြာသပတေးနေ့ညက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် မီးဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရက်ပေါင်း ၁၈၀ အထိ ပြည်ထောင်စု အစိုးရက ၁၀၀ ရာခိုင်နှုန်း ပံ့ပိုးသွားမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။
Los Angeles မြို့အနောက်ဘက် West Hills အရပ်မှာ ကြာသပတေးနေ့ နေ့လယ်ပိုင်းက နောက်ထပ် မီးလောင်ကျွမ်းမှုအသစ်ကြောင့် ဒေသခံတွေကို မဖြစ်မနေ ဘေးလွတ်ရာသွားဖို့ LA မီးသတ်က အမိန့်ထုတ်ထားပါတယ်။ Kenneth Fire လို့ တာဝန်ရှိသူတွေ ခေါ်ဆိုနေတဲ့ Calabasas နဲ့ West Hills အရပ်မှာလောင်ကျွမ်းတဲ့ မီးကိုရှို့ခဲ့သူလို့ မသင်္ကာသူတယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
ခုချိန်ထိ အဆိုးဆုံးဖြစ်နေတဲ့ Pacific Palisades အရပ်မှာ လောင်ကျွမ်းတဲ့မီးကြောင့် အဆောက်အဦး ငါးထောင့်သုံးရာ (၅,၃၀၀) ထက်မနည်း ပျက်စီးသွားတယ်လို့ မီးသတ်တာဝန်ရှိသူက ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Eaton အရပ်မှာ လောင်ကျွမ်းတဲ့မီးမှာလည်း အဆောက်အဦး ငါးထောင် (၅,၀၀၀) ကျော်ပျက်စီးခဲ့ပြီး အရေအတွက်တိုးလာနိုင်သေးတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လောင်နေတဲ့မီးတွေကြောင့် လူပေါင်းတသိန်း ရှစ်သောင်း (၁၈၀,၀၀၀) ထက်မနည်း ဘေးလွတ်ရာမှာ ပြောင်းရွှေ့နေကြရပါတယ်။
Your browser doesn’t support HTML5
ကယ်လီဖိုးနီးယားမီးကြောင့် ၁၀ ဦး သေဆုံး