အစ္စရေးတပ်ဖွဲ့တွေ ဂါဇာဒေသ အဓိကလမ်းကြောင်းက ဆုတ်ခွာ

စစ်ပွဲကြောင့် အိုးအိမ်မဲ့ ဖြစ်သွားကြတဲ့ ပါလက်စတိုင်းများ Netzarim ဒေသကို ဖြတ်ပြီး မြောက်ပိုင်းက သူတို့ရဲ့ အိမ်တွေဆီ ပြန်ကြ (Photo by Eyad BABA / AFP)

အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး အစိတ်အပိုင်းတရပ်အဖြစ်နဲ့ အစ္စရေးတပ်ဖွဲ့တွေကို ဂါဇာဒေသရဲ့ အရေးပါတဲ့ Netzarim စင်္ကြန်ဒေသကနေ ပြန်ရုတ်သိမ်းလိုက်တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ ၂ ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးဘက်က လုပ်ရမယ့်အချက်တွေထဲက တခု ဖြစ်ပေမယ့် သူတို့ စီစဉ်ထားတဲ့ အပစ်ရပ်ရေး အစီအစဉ်ကို ထပ်တိုးသွားနိုင်မလား ဆိုတာကတော့ အဓိက စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။

နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အစိတ်အပိုင်းတရပ်အဖြစ်နဲ့ အစ္စရေးက ဂါဇာတောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပိုင်းခြားထားတဲ့ Netzarim စင်္ကြန်ဒေသကနေ ဖယ်ရှားပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေး စတင်လိုက်ချိန်ကစပြီး ပါလက်စတိုင်းလူမျိုးတွေကို Netzarim ဒေသကို ဖြတ်ပြီး မြောက်ပိုင်းက သူတို့ရဲ့ အိမ်တွေကို ပြန်ဖို့အတွက် အစ္စရေးဘက်က ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ထပ်တိုးပြီး ဟားမတ်စ်တွေဘက်က ဖမ်းထားတဲ့ အစ္စရေးဓါးစာခံတွေကို ထပ်လွှတ်ပေးဖို့ကိစ္စ ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာတော့ တိုးတက်မှုမရတဲ့ပုံ ဖြစ်နေပါတယ်။

တချိန်တည်းမှာပဲ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးဘက်က ပစ်ခတ်မှုကြောင့် ကိုယ်ဝန် ၈ လ လွယ်ထားတဲ့ အသက် ၂၃ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။