အမေရိကန်အခွန်ဌာနဝန်ထမ်း (၆,၀၀၀) ကျော်ကို အလုပ်ဖြုတ်

အမေရိကန်အခွန်ဦးစီးဌာန (IRS) အဆောက်အဦး

အမေရိကန်ပြည်တွင်းအခွန်ဦးစီးဌာန IRS က ဝန်ထမ်း (၆,၀၀၀) ကျော်ကို စပြီး အလုပ်ဖြုတ်နေပါပြီ။ IRS ဝန်ထမ်းစုစုပေါင်းရဲ့ ၆% နဲ့ညီမျှတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တော့မယ်ဆိုတာကို IRS အကြီးအကဲက ကြာသပတေးနေ့က အသိပေးခဲ့တာပါ။

အစိုးရအသုံးစရိတ်တွေလျှော့ချရေးနဲ့ အစိုးရလုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးအတွက် သမ္မတ Trump တာဝန်ပေးထားတဲ့ ဘီလျံသူဌေး Elon Musk ရဲ့ ဆောင်ရွက်မှုတွေထဲက တခုအနေနဲ့ IRS ဝန်ထမ်းတွေကို လျှော့ချတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တနှစ်စာအတွက် အခွန်ဆောင် နေကြရတဲ့ အလုပ်အရှုပ်ဆုံးအချိန်မှာ ဝန်ထမ်း (၆,၀၀၀) ကျော်ကို လျှော့ချတဲ့အပေါ် ဝေဖန်မှုတွေ လည်း ထွက်ပေါ်နေပါတယ်။ အလုပ်ဖြုတ်ခံရသူအများစုဟာ အစမ်းခန့်ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

သမ္မတ Trump အစိုးရတက်လာခဲ့ပြီးနောက် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းကမ်းချမှတ်သူတွေ၊ သစ်တော ဝန်ထမ်းတွေ၊ ဒုံးပျံနဲ့ အာကာသဆိုင်ရာသိပ္ပံပညာရှင်တွေအပါအဝင် အစိုးရဝန်ထမ်းထောင်နဲ့ချီကို လျှော့ချပစ်ခဲ့ပါတယ်။ အဲဒီလျှော့ချမှုတွေကို Trump အောင်နိုင်ရေးအတွက် ငွေကြေးအမြောက်အများ အလှူထည့်ခဲ့တဲ့ Elon Musk က ဦးစီးလုပ်နေတာဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ညီလာခံမှာ အာဂျင်တီးတားသမ္မတက အစိုးရအသုံးစရိတ်ဖြတ်တောက်ရေးသင်္ကေတအဖြစ်ပေးတဲ့ လွှစက်ကို ကိုင်ဆောင်ဝှေ့ယမ်းပြနေတဲ့ ဘီလျံသူဌေး Elon Musk (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅)

Elon Musk ကတော့ ခုလိုအစိုးရဝန်ထမ်း သောင်းနဲ့ချီကို အလုပ်ဖြုတ်ပစ်လိုက်တာကို ဂုဏ်ယူပြီး ပြောနေတာမှာ မနေ့ညကပဲ ဝါရှင်တန်မြို့တော်နားမှာကျင်းပနေတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ CPAC မှာ Chainsaw သစ်ပင်ဖြတ်စက်ကြီးကိုင်ပြီး ဗျူရိုကရေစီယန္တရားကို ဖျက်ပစ်မယ့် စက်လို့ ပြောဆိုဝှေ့ယမ်းပြခဲ့ပါတယ်။

အဲဒီ Chainsaw လွှစက်ကြီးကို အာဂျင်တီးနားသမ္မတ Javier Milei ကပေးတာဖြစ်ပါတယ်။ သမ္မတ Javier Milei ကလည်း အာဂျင်တီးနားမှာ အစိုးရအသုံးစရိတ်တွေ အကြီးအကျယ်ဖြတ်တောက်ပြီး မူဝါ ဒတွေကို ပြောင်းလဲပစ်ခဲ့တဲ့သင်္ကေတအဖြစ်နဲ့ အဲဒီ Chainsaw ကို အလားတူဝှေ့ယမ်းပြလေ့ရှိပါ တယ်။

Your browser doesn’t support HTML5

အမေရိကန်အခွန်ဌာနဝန်ထမ်း (၆,၀၀၀) ကျော်ကို အလုပ်ဖြုတ်