အီရန်သမ္မတပါဝင်တဲ့ ရဟတ်ယာဉ် အရှေ့အဇာဘိုင်ဂျန်ဒေသမှာပျက်ကျ

အီရန်သမ္မတ Ebrahim Raisi စီးနင်းလိုက်ပါလာတဲ့လေယာဥ်ပျက်မကျခင် အီရန်နဲ့အဇာဘိုင်ဂျန်နယ်စပ်မှာ တွေ့ရစဥ်။ (မေ ၁၉၊ ၂၀၂၄)

အီရန်သမ္မတနဲ့ အခြားအဆင့်အမြင့်အရာရှိတွေ လိုက်ပါလာတဲ့ရဟတ်ယာဥ်ပျက်ကျသွားတဲ့ နိုင်ငံ့အနောက်မြောက်ပိုင်းမှာ တနင်္ဂနွေနေ့ညထိ ရှာဖွေရေးဆက်လုပ်နေကြတယ်လို့ အီရန်တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ Ebrahim Raisi ရဲ့ ကံကြမ္မာကိုတော့ ခုထိရေရေရာရာမသိရသေးပါဘူး။

တနင်္ဂနွေနေ့အစောပိုင်းက အီရန်နိုင်ငံထဲက East Azerbaijan ပြည်နယ်ထဲမှာ ရာသီဥတုဆိုးရွားနေတာကြောင့် ရဟတ်ယာဥ်ပျက်ကျသွားခဲ့တာလို့ အီရန်အစိုးရ သတင်းမီဒီယာကပြောပါတယ်။ ရဟတ်ယာဥ်ပေါ်မှာ သမ္မတ Raisi၊ နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian နဲ့ အခြားအရာရှိ ၂ ဦးတို့လိုက်ပါသွားခဲ့ကြတယ်လို့လည်း ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်က ရေကာတာစီမံကိန်းဖွင့်ပွဲအတွက် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နဲ့ သွားရောက်တွေ့ဆုံအပြီး အပြန်နှစ်နိုင်ငံနယ်စပ်အနီးမှာ ရဟတ်ယာဥ်ပျက်ကျသွားခဲ့တာပါ။ သမ္မတ Raisi ရေကာတာဖွင့်ပွဲအတွက် နယ်စပ်ကို သွားမယ်လို့ အီရန်အစိုးရသတင်းဌာနက စနေနေ့မှာကြေညာပါတယ်။

ရဟတ်ယာဥ်ပျက်ကျတယ်ဆိုတဲ့သတင်းအတွက် အလွန်ပူပန်မိကြောင်း အဇာဘိုင်ဂျန်သမ္မတ Aliyev က X လူမှုကွန်ယက်မှာရေးပါတယ်။ မိတ်ဖက်ညီအကိုတိုင်းပြည်အတွက် သူ့ဘက်က ဆုတောင်းပေးနေသလို လိုအပ်တဲ့အကူအညီတွေပေးအပ်ဖို့လည်း ကမ်းလှမ်းပါတယ်။ ရဟတ်ယာဥ်ပျက်ကျခဲ့တဲ့နေရာမှာ မြူတွေကျနေတဲ့အတွက် မြင်ကွင်းတွေမရှင်းလင်းတာကြောင့် ရှာဖွေကယ်ဆယ်ရေးသမားတွေ ခြေလျင်သွားနေရတယ်လို့လည်း အီရန်သတင်းကဖော်ပြပါတယ်။

Your browser doesn’t support HTML5

အီရန်သမ္မတပါဝင်တဲ့ ရဟတ်ယာဉ် အရှေ့အဇာဘိုင်ဂျန်ဒေသမှာပျက်ကျ