အီရန်နိုင်ငံ တဝန်း ပြီးခဲ့တဲ့ သီတင်းပတ်က စခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာမှာ တညတာ အတွင်း လူ ၁၀ ဦး သတ်ဖြတ်ခံရကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ဒီကနေ့ တနလာၤနေ့မှာ ကြေညာသွားပါတယ်။ အသေအပျောက်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ထည့်သွင်း ပြောဆိုမသွားပါဘူး။
အနောက်တောင်ပိုင်း Izeh မြို့မှာ တညတာ အတွင်း လူနှစ်ဦး သေနတ်နဲ့ အသေ ပစ်ခတ်ခံရကြောင်း၊ ဘယ်သူ့လက်ချက်ဆိုတာကို မသိရသေးတဲ့ အကြောင်း အီရန် လွှတ်တေ်ာအမတ် Hedayatollah Khademi ကို ကိုးကားပြီး ILNA သတင်းအေဂျင်စီက ဖော်ပြပါတယ်။
သမ္မတ Hassan Rouhani ကို ဆန့်ကျင်သူတွေ အများစု အခြေစိုက်ရာ အီရန်ရဲ့ ဒုတိယ အကြီးဆုံးမြို့ Mashhad မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စခဲ့တဲ့ အင်အားသိပ်မရှိတဲ့ ဆန္ဒပြပွဲလေးကနေ အခု မတည်မငြိမ်မှုကြီး စဖြစ်စေခဲ့တာပါ။ ဒီနောက်မှာ နိုင်ငံတဝန်းကို ပျံ့နှံ့ခဲ့တာပါ။ ဆန္ဒပြပွဲတွေကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အီရန် ပြည်သူတွေ လူမှုကွန်ယက် မီဒီယာတွေ အသုံးပြုမှုကို အီရန် အစိုးရက တားမြစ်ထားတဲ့ အပေါ်မှာတော့ အထူး စိုးရိမ်မကင်း ဖြစ်ရကြောင်း အမေရိကန် အစိုးရက ပြောဆိုထားပါတယ်။
မက်ဆေချ့် စာတိုပို့တဲ့ တယ်လီဂရမ်နဲ့ ဓာတ်ပုံတွေ မျှဝေတဲ့ Instagram တို့ကို မနေ့ တနင်္ဂနွေနေ့က အီရန် အစိုးရက အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ အခုလို လုပ်ရတာလို့ အီရန် အစိုးရက ပြောဆိုပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အီရန် ပြည်သူတွေက ဒီ Apps တွေကို သုံးပြီး ချိတ်ဆက်ကြတာပါ။
အီရန် သမ္မတ Hassan Rouhani ကတော့ မနေ့ တနင်္ဂနွေနေ့မှာ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ပထမဆုံး တုံ့ပြန်ပြောဆိုပါတယ်။ အီရန် ပြည်သူတွေ အနေနဲ့ အစိုးရကို ဆန္ဒပြ ဝေဖန်ခွင့် ရှိတယ်လို့ သမ္မတ Rouhani က ပြောခဲ့တာပါ။ ဒါပေမယ့် လူမှုမတည်မငြိမ်မှုတွေနဲ့ အများပြည်သူပိုင် ပစ္စည်းတွေ ဖျက်စီးမှုတွေကတော့ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ သမ္မတက ပြောပါတယ်။
Your browser doesn’t support HTML5
ဆန္ဒပြမှုများအတွင်း လူ၁၀ဦးသေဆုံးဟု အီရန်ရုပ်သံကြေညာ