အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေက နိုင်ငံရဲ့ ၄၅ ယောက်မြောက်သမ္မတအဖြစ် Donald Trump ကို တရားဝင်မဲပေး ရွေးချယ်လိုက်ကြပါတယ်။ ဖွဲ့စည်းပုံအရ Washington DC နဲ့ပြည်နယ် ၅၀ မှာရှိကြတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေက သက်ဆိုင်ရာပြည်နယ်တွေမှာ ဒီဇင်ဘာ ၁၉ ရက် တနင်္လာနေ့က ရွေးကောက်ပွဲလုပ်ပြီး သမ္မတနဲ့ ဒုသမ္မတတွေကို တရားဝင် ရွေးချယ်ကြတာဖြစ်ပါတယ်။
Donald Trump သမ္မတအဖြစ် တရားဝင်ရွေးချယ်ခံရ
ပြည်နယ်လူဦးရေအပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ စုစုပေါင်း သမ္မတရွေးချယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၅၃၈ ယောက်က တနင်္လာနေ့က မဲပေးခဲ့ကြတာမှာ Trump ကအနိုင်ရဖို့လိုတဲ့ မဲ ၂၇၀ ကျော် ရရှိပြီး တရားဝင် အနိုင်ရခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတုန်းကတော့ ပြည်သူ့မဲအများစုအနိုင်ရသူက အဲဒီပြည်နယ်အတွက် သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲအားလုံးကို ရရှိတာကြောင့် Donald Trump အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက Democratic သမ္မတလောင်း Hillary Clinton က စုစုပေါင်းပြည်သူ့မဲမှာ Trump ထက် ပိုအသာရခဲ့ပေမဲ့ Trump က ပြည်နယ် ၃၁ ခုမှာ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲပေါင်း 306 မဲအနိုင်ရပြီး ရွေးကောက်ပွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတအနိုင်အရှုံး တရားဝင်ဆုံးဖြတ်တဲ့ ရွေးကောက်ပွဲကျင်းပစဉ် တနင်္လာနေ့က တချို့ပြည်နယ်တွေမှာဆိုရင် Trump ကိုကန့်ကွက်နေကြသူတွေက သမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ သူ့ကိုမဲမထည့်ဖို့ ဆန္ဒပြတောင်းဆိုမှုတွေလဲ လုပ်ခဲ့ကြပါတယ်။ ပြည်နယ်တခုချင်းအနေနဲ့ မဲရလာဒ်တွေပါဝင်တဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေရဲ့ မဲလက်မှတ်တွေကို Washington မြို့တော်က အမေရိကန်လွှတ်တော်နဲ့ အမျိုးသားမော်ကွန်းတိုက်တွေဆီကို ဒီဇင်ဘာ ၂၈ ရက် နောက်ဆုံးထားပြီးပေးပို့ရမှာဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလ ၆ ရက်နှေ့ ဒုသမ္မတ Joe Biden ဦးဆောင်တဲ့ လွှတ်တော် ၂ ရပ်ပေါင်း စည်းဝေးပွဲကျမှ ပြည်နယ်ခုချင်းစီရဲ့ မဲရလာဒ်တွေကို တရားဝင်ရေတွက်မှာဖြစ်ပါတယ်။
Your browser doesn’t support HTML5
Donald Trump သမ္မတအဖြစ် တရားဝင်ရွေးချယ်ခံရ