ပြည်ပခရီးစဉ်က ဒေါ်စု မြန်မာနိုင်ငံ ပြန်ရောက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာစတင်ခဲ့တဲ့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ၂ ပတ်ကြာခရီးစဉ်ဟာ ပြီးဆုံးသွားပြီဖြစ်ပြီး တနင်္ဂနွေနေ့ညပိုင်းမှာပဲ ရန်ကုန်ကို ပြန်ရောက်လာပြီဖြစ်ပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် Theresa May နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်သွားဖို့ ဆွေးနွေးခဲ့သလို လန်ဒန်မြို့ မြန်မာသံရုံးမှာ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံအမတ်ကြီး ၁၂ ဦးနဲ့ တွေ့ဆုံပြီး အဝေးရောက်မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ဖို့ မှာကြားခဲ့ပါတယ်။

ဗြိတိန်ကနေ တဆက်တည်း သွားရောက်တဲ့ အမေရိကန်ခရီးစဉ်ကိုတော့ အမေရိကန်သမ္မတ Barack Obama က ဖိတ်ကြားခဲ့တာဖြစ်ပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီးမှာပဲ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမှာ ရှိနေစဉ် အမေရိကန် လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် မပြီးဆုံး သေးတဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဆက်လက် ကူညီကြဖို့ တိုက်တွန်းခဲ့သလို အမေရိကန်- ASEAN စီးပွားရေး လုပ်ငန်းရှင်များ အသင်း က တည်ခင်းတဲ့ ညစာစားပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ပွင့်လင်းလာတဲ့ စီးပွားရေးမူဝါဒနဲ့ ရင်းနှီးမြှုုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေကို ရှင်းလင်းဆွေးနွေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်မှာ ကျင်းပတဲ့ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နျူကလီယား လက်နက် စမ်းသပ်ဖေါက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ် မှာ မြန်မာနိုင်ငံအနေနဲ့ အတည်ပြုပါဝင်တဲ့ စာချွန်လွှာပေးအပ်ခဲ့ပါတယ်။

နယူးယောက်မှာ ရှိနေစဉ် UNESCO ညွှန်ချုပ်၊ ဒိန်းမတ်ဝန်ကြီးချုပ်၊ မက်ဆီကို သမ္မတ၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၊ OIC အတွင်းရေးမှုးချုပ် တို့နဲ့သီးခြားစီ တွေ့ဆုံခဲ့သလို မြန်မာကိုယ်စားလှယ် အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးဖိုရမ်အကြီးအကဲ Prof. Klaus Schwab၊ Open Society အဖွဲ့တည်ထောင်သူ Mr. George Soros၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Al Hussein တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟားဗတ်တက္ကသိုလ် ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို ဒီခရီးစဉ်မှာပဲ လက်ခံရယူခဲ့သလို Academy of Achievement အဖွဲ့က ချီးမြှင့်တဲ့ Academy’s Golden Plate Award ကိုလည်း နယူးယောက် စာကြည့်တိုက်မှာ တက်ရောက် လက်ခံခဲ့ပါတယ်။

Your browser doesn’t support HTML5

ပြည်ပခရီးစဉ်က ဒေါ်စု မြန်မာနိုင်ငံ ပြန်ရောက်