ဝန်ထမ်းတွေ iPhone မသုံးဖို့ တရုတ်အစိုးရညွှန်ကြား 

တရုတ်ပြည် ရှန်ဟိုင်းမြို့တော်က Apple ပစ္စည်းအရောင်ပြခန်း (နိုဝင်ဘာ ၇၊ ၂၀၂၂)

တရုတ်နိုင်ငံက အစိုးရဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း iPhone တွေ အသုံးမပြုရလို့ တရုတ်အစိုးရက တားမြစ်တဲ့သတင်းတွေ ထွက်လာခဲ့ပြီးနောက် အခု ၂ ရက်အတွင်း Apple ကုမ္ပဏီရဲ့ အစုရှယ်ယာ ၆ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားခဲ့ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉၀ ဘီလျံထက်မနည်း ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

တရုတ် ဗဟိုအစိုးရဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ iPhone တွေ ရုံးကို ယူမလာရလို့ ညွှန်ကြားချက်ထုတ်တဲ့အကြောင်း Wall Street Journal သတင်းဌာနက ဗုဒ္ဓဟူးနေ့က အရင်ဆုံး သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်တရက်မှာလည်း ဒေသန္တရာအစိုးရရုံးဝန်ထမ်းတွေ၊ အစိုးရပိုင်ကုမ္ပဏီတွေဝန်ထမ်းတွေကိုလည်း အလားတူ ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်အစိုးရက သူ့ရဲ့ဝန်ထမ်းတွေကို iPhone အသုံးပြုခွင့် ပိတ်ပင်လိုက်တာကြောင့် ဒီကနေ့ သောကြာနေ့မှာလည်း Apple ရဲ့ အစုရှယ်ယာတွေ ထပ်ကျနေတာပါ။ ဒီအခြေအနေမှာ တရုတ်ဈေးကွက်အတွင်း ပြည်တွင်းဖြစ် Huawei ဖုန်းကုမ္ပဏီပြိုင်ဆိုင်မှုအား ကောင်းလာနေတာကြောင့် တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွားရေးအားပြိုင်မှုကို ပိုမို ကြီးထွားလာစေနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ Apple ကုမ္ပဏီရဲ့ အကြီးဆုံးနိုင်ငံခြားဈေးကွက်ဖြစ်ပြီး iPhone တွေအပါအဝင် Apple ပစ္စည်းတွေကို တရုတ်နိုင်ငံမှာ အဓိက ထုတ်လုပ်နေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဝန်ထမ်းတွေ iPhone မသုံးဖို့ တရုတ်အစိုးရညွှန်ကြား