အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က လူမှုဖူလုံရေးရုံးတခုမှာ ဇနီးမောင်နှံ ၂ ဦးရဲ့ ဗုဒ္ဓဟူးနေ့က လူတွေကို အစုလိုက်အပြုံ လိုက် ပစ်ခတ်သတ်ဖြတ်ခဲ့မှုဟာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတရပ်အဖြစ် အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို FBI တာဝန်ရှိသူတွေက တရားဝင် သတ်မှတ်စုံစမ်းနေကြပြီ ဖြစ်ပါတယ်။
FBI ရဲ့ လော့စ် အိန်ဂျဲလိစ့်ရုံး လက်ထောက်အကြီးအကဲ David Bowdich ကတော့ - လူအမြောက်အများသေစေအောင် သေချာ ကြိုတင်စီစဉ်မှု အချက်အလက်တွေ အပါအဝင် တခြား သက်သေ အထောက်အထားတွေက အကြမ်းဖက်လုပ်ရပ်တခု ဖြစ်နိုင်တဲ့ အလားအလာတွေ တွေ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
သီးခြားအထောက်အထားတွေနဲ့ ပတ်သက်လို့တော့ သူက မပြောဆိုပေမဲ့ ကွဲနေတဲ့ လက်ကိုင်ဖုန်းတွေကို ပစ်ခတ်မှုအတွင်း လူတွေသေဆုံးခဲ့တဲ့ နေရာအနီး အမှိုက်ပုံတခုမှာ တွေ့ရှိခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သံသယရှိသူတွေနဲ့ တခြားလူတွေအကြား ဖုန်းအဆက်အသွယ်တွေကနေ တန်ဘိုးရှိတဲ့ အချက်အလက်တွေ ရကောင်းရလာနိုင်တယ်လို့လည်း ပြောပါတယ်။
ပါကစ္စတန်နိုင်ငံသူ ဇနီးသည် Tashfeen Malik ဟာ ပစ်ခတ်မှုတွေ စတဲ့အချိန်မှာ IS စစ်သွေးကြွအဖွဲ့အပေါ် သစ္စာခံတဲ့အကြောင်း Facebook မက်စေ့ချ်တခု ဖော်ပြခဲ့ပြီး လူအစုလိုက်အပြုံလိုက် ပစ်ခတ် သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြနေတာတွေကိုတော့ Bowdich က အတည်ပြုပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
FBI Director James Comey
FBI ညွှန်ကြားရေးမှူး James Comey ကတော့ ဒီဇနီးမောင်နှံဟာ အကြမ်းဖက်အုပ်စုတခု ဒါမှမဟုတ် ကွန်ယက်တခုခုနဲ့ ဆက်နွယ်နေတဲ့ အချက်အလက် မတွေ့ရသလို၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ အထောက်အထား တော်တော်များများကလည်း အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။