အမေရိကန်ဟောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသားလည်းဖြစ်၊ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်တဲ့ Kevin Costner ကယ်ဗင် ကော့စ်နာ စနေနေ့၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာပဲ အသက် ၇၀ ပြည့်ပါပြီ။
ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ မင်းသားကြီး ကော့စ်နာဟာ ၁၉၉၀ ပြည့်နှစ်က အော်စကာဆုရ "Dances With Wolves" ကနေစပြီး ကောင်းဘွိုင်ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်အဖြစ် ထင်ရှားခဲ့သလို တလောကထိလည်း ရုပ်သံဇာတ်လမ်းတွဲ ၅ ခုကြာ အောင်မြင်ခဲ့တဲ့ "Yellowstone" ရုပ်သံဇာတ်လမ်းတွဲနဲ့ ပိုတောင် လူကြိုက်များခဲ့တာပါ။
၂၀၂၄ မေလမှာကျင်းပခဲ့တဲ့ Cannes ကန်းရုပ်ရှင်ပွဲတော်မှာတော့ သူက ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် ဘွဲ့တခုဖြစ်တဲ့ အနုပညာနဲ့ စာပေဆိုင်ရာဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အနုပညာနဲ့ စာပေကဏ္ဍမှာ ထူးခြားထင်ရှားတဲ့ ပါဝင်ပံ့ပိုးမှုတွေအတွက် ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး Rachida Dati ရာချစ်ဒါ ဒတီက ကော့စ်နာကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ကော့စ်နာက သူ့ရဲ့ ကောင်းဘွိုင်ရုပ်ရှင်အသစ် "Horizon: An American Saga" ပထမပိုင်းကို ကန်းပွဲတော်မှာ ပြသခဲ့တာပါ။ အပိုင်း ၄ ပိုင်းရိုက်ကူးမှာ ဖြစ်ပြီး ကော့စ်နာက သူ့ရဲ့ကိုယ်ပိုင်ငွေ တစိတ်တပိုင်းနဲ့ စိုက်ထုတ် ရိုက်ကူးတာပါ။ ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အမေရိကန်အနောက်ပိုင်းကို နယ်မြေချဲ့ထွင်ဖို့ကြိုးစားတဲ့ အခြေချနေထိုင်သူတွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဇာတ်အိမ်တည်ထားပါတယ်။
ကော့စ်နာနဲ့ ဇနီး Christine Baumgartner ခရစ္စတင်း ဘောင်ဂတ်နာတို့ဟာ ၁၉ နှစ်အကြာပေါင်းသင်းခဲ့ပြီး ၂၀၂၄ မှာ ကွာရှင်းခဲ့ပါတယ်။ သူတို့မှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိပြီး ကော့စ်နာမှာ အရင်အိမ်ထောင်နဲ့ရတဲ့ နောက်ထပ် သားသမီး ၄ ယောက် ရှိသေးတာပါ။