ရွှေဘိုခရိုင် ကံကြီးတောကျေးရွာမှာ ရှိတဲ့ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း (Our Lady of Lourdes) မှာ သာသနာ့ တာဝန်ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီး ဖာသာရ် ဒေါနယ် မာတင် (Fr. Donald Martin) (ခေါ်) ဖာသာရ် ရဲနိုင်ဝင်း ဟာ ဓားဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရောမ ကက်သလစ် ကျောင်းတော်ရဲ့ ဗာတီကန် သတင်းက ရေးပါတယ်။
သက်တော် ၄၄ နှစ် အရွယ် ဖာသာရ် မာတင်ရဲ့ အသက်မဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဘုရားကျောင်းတက်သူတွေက တွေ့ရှိခဲ့ပြီး သတ်ဖြတ်ခံရတဲ့ အကြောင်းရင်းကို မသိရပေမယ့် ပစ်မှတ်ထား သတ်ဖြတ်ခံရဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဖာသာရ် မာတင်ဟာ မန္တလေးဂိုဏ်းချုပ်သာသနာ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာပြည် အလယ်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ ဘာသာရေး လုပ်ငန်းတွေ အပြင် ဒေသတွင်းမှာ လူသားချင်း စာနမှု အကူအညီတွေ ဆောင်ရွက်ခဲ့သူလို့ ဖော်ပြထားပါတယ်။
SEE ALSO: မြန်မာပြည်ဘာသာရေးဖိနှိပ်မှု အမေရိကန်လွှတ်တော် အစီရင်ခံချက်ဖာသာရ် မာတင် ဟာ ၂၀၁၈ ခုနှစ်တုန်းက ပြင်ဦးလွင်မြို့ အပြစ်မဲ့သန္ဓေယူသောသခင်မဘုရားကျောင်းမှာ ရဟန်းသိက္ခာကို ခံယူခဲ့လို့ သတ်ဖြတ်ခံရချိန်မှာ ဝါတော် ၇ ဝါ ရှိပြီ ဖြစ်တယ်လို့ မြန်မာ ကက်သလစ် (RVA Myanmar) သတင်းမှာလည်း ဖော်ပြပါတယ်။
ဒေသတွင်း တခြား မီဒီယာ တချို့မှာတော့ ဘုန်းတော်ကြီးကို မျက်နှာဖုံးစွပ် လက်နက်ကိုင် လူ တစုက သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခဲ့သူတွေကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်နေတဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၅ က ဖမ်းမိထားတယ် ဆိုတဲ့ သတင်းတွေ ဖော်ပြကြပေမယ့် ဗွီအိုအေ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
Your browser doesn’t support HTML5
ခရစ်ယာန်ဘုန်းတော်ကြီးတပါး ရွှေဘိုခရိုင်မှာ အသတ်ခံရ