သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ တခုတည်းသော လက်ကျန်စခန်းဖြစ်တဲ့ ရေတပ် ပင်မရေငုပ်နဲ့ ဆယ်ယူရေး တပ်စခန်း (Central Naval Diving and Salvage Deport Myanmar Navy) CNDSD ကို အာရက္ခတပ်တော် AA က စက်တင်ဘာလ ၅ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၆ ရက် သောကြာနေ့မှာ AA ကသတင်းထုတ်ပြန်ပါတယ်။
ဒီရေတပ်စခန်းကို AA က ပြီးခဲ့တဲ့ သြဂုတ်လ (၇) ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ အဲဒီ ရေတပ်စခန်းမှာ စစ်ကောင်စီရဲ့ အင်အား ၁,၂ဝဝ ကျော်အထိရှိပြီး ရေကြောင်း ပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတဲ့ ကြားက စခန်းကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ လောက်ကို ရှင်းလင်းနိုင်ခဲ့ကြောင်းနဲ့ အဲဒီရေတပ်စခန်းမှာ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြား ကိုလည်း သိမ်းဆည်းရမိကြောင်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဒဏ်ရာရ စစ်သည်တွေနဲ့ ကျဆုံးစစ်သည် အလောင်းတွေကို သင်္ဘောတွေနဲ့တင်ဆောင်ပြီး စစ်တွေနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဘက်ကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့တယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
သံတွဲမြို့နယ်က ရေတပ် ပင်မရေငုပ်နဲ့ ဆယ်ယူရေး တပ်စခန်း Central Naval Diving and Salvage Deport Myanmar Navy ကို အာရက္ခတပ်တော်သိမ်း ဓာတ်ပုံ - AA Info Desk
လက်ရှိမှာတော့ သံတွဲမြို့နယ် တခုလုံးကို AAဘက်က သိမ်းပိုက်လိုက်တာဖြစ်ပေမယ့် သံတွဲမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်မှာတော့ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA ကလည်း စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ စစ်တွေ ရေတပ်စခန်းကနေ ပေါက်တောမြို့နယ်ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာ ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ သံတွဲရေတပ်စခန်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ AA အဖွဲ့ကိုတော့ စစ်ကောင်စီက အကြမ်းဖက်အုပ်စု အဖြစ်က ရုပ်သိမ်းထားတာကို စက်တင်ဘာ ၂ ရက်မှာပဲ ပြန်လည်ဖျက်သိမ်းထားတာပါ။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြားပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်း တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ AA ဘက်က သံတွဲအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တွေကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
သံတွဲရေတပ်စခန်း AA သိမ်းပိုက်