နှစ်နိုင်ငံချစ်ကြည်ရေး အီရန်သမ္မတပါကစ္စတန် ရောက်ရှိ

ပါကစ္စတန်၀န်ကြီးချုပ်အိမ်တော်မှာ အီရန်သမ္မတ Ebrahim Raisi (ဘယ်) ကိုနိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့တဲ့ ပါကစ္စတန်၀န်ကြီးချုပ် Shehbaz Sharif နဲ့အတူတွေ့ရစဥ် (ဧပြီလ ၂၂)

အီရန်နဲ့ အစ္စရေးကြားက တင်းမာမှုတွေအပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး ပါကစ္စတန်နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အီရန်သမ္မတ Ebrahim Raisi ဟာ ပါကစ္စတန်နိုင်ငံကို ရောက်ရှိနေပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေး၊ စွမ်းရည်နဲ့ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီ ၃ရက်ကြာ ခရီးစဉ်မှာ အီရန် သမ္မတဟာ ပါကစ္စတန် သမ္မတ Asif Ali Zardari အပါအ၀င် ဝန်ကြီးချုပ် Shehbaz Sharif နဲ့လည်း တွေ့ဆုံသွားမှာပါ။

ကီလိုမီတာ ၉၀၀လောက် နယ်စပ်ခြင်းထိစပ်နေတဲ့ အီရန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံအနေနဲ့ ဒေသတွင်းအပါအဝင် တကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ ဘုံခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့အရေးကိုလည်း ဆွေးနွေးသွားမယ်လို့ ပါကစ္စတန်ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလထဲကတော့ အီရန်လုံခြုံရေးတပ်ဖွဲ့တွေဟာ ပါကစ္စတန်အနောက်တောင်ပိုင်းနယ်စပ် Baluchistan ပြည်နယ်မှာရှိတဲ့ အီရန်ဆန့်ကျင်ရေးစစ်သွေးကြွတွေ ခိုအောင်းနေတဲ့နေရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီလို နှစ်နိုင်ငံ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် အကြမ်းဖက်မှု တန်ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ရန်နဲ့ အချင်းချင်း အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာရန် သံတမန်ရေးအရ ကြိုးပမ်းမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြတာပါ။

အီရန်သမ္မတရဲ့ အခု ခရီးစဉ်ဟာလည်း အီရန်နဲ့ ပါကစ္စတန်ကြား ဆက်ဆံရေးကို ပြုပြင်ဖို့အတွက် အပြန်အလှန် ကြိုးပမ်းမှု တစိတ်တပိုင်းလည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

နှစ်နိုင်ငံချစ်ကြည်ရေး အီရန်သမ္မတပါကစ္စတန် ရောက်ရှိ