အင်တာနက်မှာ အချက်အလက်တွေကို ဖွင့်ချနေတဲ့ WikiLeaks ဝဘ်ဆိုဒ် ထူထောင်သူ Julian Assange ကို ဒီနေ့ပဲ ဗြိတိသျှ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ဆွီဒင်နိုင်ငံမှာ တရားစွဲခံထားရတဲ့အတွက် ပြန်ပို့ခံရမှာကို ရှောင်ရှားပြီး ၂၀၁၂ ခုနှစ် ကတည်းက ခိုလှုံနေတဲ့ လန်ဒန်မြို့က Ecuador သံရုံးမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။ ဆွီဒင်နိုင်ငံက နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့လည်း အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက် အထောက်အထားတွေကို WikiLeaks ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့မှုအတွက်၊ ဗြိတိသျှအာဏာပိုင်တွေက ဖမ်းဆီးပြီး အမေရိကန်ကို လွဲှပြောင်းပေးမှာ စိုးရိမ်တဲ့အတွက် သံရုံးမှာ ဆက်လက် ခိုလှုံနေတာ ဖြစ်ပါတယ်။
တရားရုံးက ဆင့်ခေါ်တာကို ပျက်ကွက်မှုနဲ့ ၂၀၁၂ ခုနှစ် ဇွန်လထဲမှာ ဗြိတိန်အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းနဲ့ Assange ကို Ecuador သံရုံးမှာ ဒီနေ့ပဲ ဖမ်းဆီးလိုက်တဲ့အကြောင်း ဗြိတိသျှရဲတပ်ဖွဲ့က ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ Ecuador အစိုးရက ခိုလှုံခွင့် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက်၊ သံရုံးမှာလာရောက် ဖမ်းဆီးဖို့ သံအမတ်ကြီးက ရဲတပ်ဖွဲ့ကို ဖိတ်ကြားခဲ့တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Ecuador သမ္မတ Lenín Moreno ကတော့ Assange ရဲ့ အပြုအမူတွေအပေါ် သည်းမခံနိုင်တော့တဲ့အတွက် ဆက်လက် လက်ခံမထားဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဒီကနေ့ပဲ ဗွီဒီယိုနဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ သံရုံးမှာ ခိုလှုံနေစဉ် ခွင့်ပြုချက်မရဘဲ အီလက်ထရောနစ် ကရိယာတွေ တပ်ဆင်တာ၊ လုံခြုံရေးကင်မရာတွေကို မမြင်နိုင်အောင်ဖုံးကွယ်ထားတာ၊ လုံခြုံရေး အစောင့်တွေအပေါ် လက်မခံနိုင်လောက်တဲ့ ဆက်ဆံပုံတွေအပြင်၊ သံရုံးရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်ဖိုင်တွေကို ခွင့်ပြုချက်မရပဲ ကြည့်ရှုတာတွေ ရှိခဲ့ကြောင်းလည်း Ecuador သမ္မတက ပြောဆိုခဲ့တာပါ။
ဗာတီကန် ကက်သလစ်ခရစ်ယာန် ကျောင်းတော်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို မကြာသေးခင်က ဖွင့်ချခဲ့ပြီးနောက်မှာရော၊ ဒီမတိုင်ခင်မှာပါ WikiLeaks က လုပ်ဖော်ကိုင်ဖက်တွေ သူ့ကိုလာရောက်တွေ့ဆုံခဲ့တာတွေ ရှိခဲ့ကြောင်းနဲ့ ဒီအချက်ဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးတွေကို စွက်ဖက်နေတဲ့ အဖွဲ့အစည်းတခုနဲ့ ဆက်လက် ပတ်သက်နေဆဲ ဖြစ်တယ်ဆိုတာကို ပြသရာရောက်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
Wikileaks တည်ထောင်သူ Julian Assange အဖမ်းခံရ