တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီအကြီးအကဲကို လိမ်လည်မှုနဲ့ ကနေဒါနိုင်ငံမှာ ဖမ်းဆီးလိုက်ပြီး အမေရိကန်နိုင်ငံကို ပို့ပေးဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို တရုတ်အစိုးရ တနင်္ဂနွေနေ့မှာ ဆင့်ခေါ် သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Huawei ရဲ့ ဘဏ္ဍာရေးမှူးလည်းဖြစ်၊ ကုမ္ပဏီကို တည်ထောင်သူရဲ့ သမီးလည်းဖြစ်တဲ့ Meng Wanzhou ကို ဖမ်းဆီးမှုဟာ အင်မတန် မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ အီရန်နဲ့ ကုန်သွယ်မှု မပြုဖို့ ပိတ်ပင်ထားတဲ့ အမေရိကန်ရဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ အခုလို ဖမ်းဆီးပြီး အမေရိကန်ကို ပြည်နှင်ဒဏ်ပေးခိုင်းထားတဲ့ အစီအစဉ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုကြောင်း တရုတ်အစိုးရက ပြောပါတယ်။
Meng Wanzhou ကို ကနေဒါနိုင်ငံ Vancouver လေဆိပ်မှာ ဒီဇင်ဘာ ၁ ရက်နေ့ ဖမ်းဆီးမှုလိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး John McCallum ကို ဆင့်ခေါ် ပြောဆိုအပြီး နောက်တနေ့မှာဘဲ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Le Yucheng က အမေရိကန်သံအမတ်ကြီး Terry Brandstad ကို ဆင့်ခေါ် သတိပေးလိုက်တာပါ။
အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကြီးမားစွာ ချိုးဖောက်ရာရောက်ကြောင်းနဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်ဟာလည်း မနှစ်မြို့ဖွယ်ရာကောင်းကြောင်း လက်ထောက်ဝန်ကြီး Le Yucheng က သံအမတ်ကြီး Brandstad ကို ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
တကယ်လို့ ပြစ်မှုရှိကြောင်း တွေ့ရှိခဲ့ရင်တော့ Meng Wanzhou အနေနဲ့ ထောင်ဒဏ် နှစ် ၃၀ အထိ ကျခံရနိုင်ပါတယ်။
Your browser doesn’t support HTML5
တရုတ်ကုမ္ပဏီ အကြီးအကဲ အဖမ်းခံရမှု ကန်သံအမတ်ကို တရုတ် ဆင့်ခေါ် ကန့်ကွက်