အများပြည်သူကြားထဲ နှစ်ပေါင်းများစွာ ပုံနှိပ်ဖြန့်ချိခွင့် မရခဲ့တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ ပါတဲ့ စာအုပ်တအုပ်ကို ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ စတင် ဖြန့်ချိလိုက်ပါပြီ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးသားထားတဲ့ စာအုပ်တအုပ်ထဲမှာ သမဂ္ဂ အဆောက်အဦးပုံကိုပါ ပုံနှိပ်ဖြန့်ချိခွင့် ရခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ စသဖြင့် စာရေးဆရာတွေ ရေးသားခဲ့တဲ့ ဆောင်းပါး ၅၇ ပုဒ်ကို စုစည်းပြီးတော့ ‘အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်’ ဆိုတဲ့ စာအုပ်ထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံကိုပါ ထည့်သွင်း ဖော်ပြထားတာပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝတလျှောက် ခေတ်အသီးသီးကို ထင်ဟပ်တဲ့ ဓာတ်ပုံတွေကို ကဏ္ဍတွေခွဲပြီး ဖော်ပြထားတယ်လို့ ဒီစာအုပ်ကို ထုတ်ဝေတဲ့ တိုးမြစ်စာအုပ်တိုက်ရဲ့ ထုတ်ဝေသူ ကိုဝင်းဇော်လတ်က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့က ဒီစာအုပ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးဆိုပြီး နောက်မှာ အဲဒီလိုလေး ထည့်ပြီးတော့ ဖော်ပြထားတာပေါ့ဗျာ။ ပြီးတော့ ဗိုလ်ချုပ်ဓာတ်ပုံတွေကို ဖော်ပြတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘဝ၊ နောက်တခုက သခင်ဘဝ၊ နောက် ရဲဘော်သုံးကျိပ်ဘဝ၊ ပြီးတော့ ဗိုလ်ချုပ်ရဲ့ အိမ်ထောင်သည်ဘဝ၊ နောက် စစ်ဝန်ကြီးဘဝ၊ ပြီးတော့ နောက်ပိုင်း နိုင်ငံရေးသမား ဦးအောင်ဆန်းဘဝပေါ့၊ အဲဒီလိုမျိုး ကဏ္ဍ ၃ ခုခွဲပြီး ဓာတ်ပုံတွေကို စာအုပ်ရဲ့ သင့်တော်တဲ့ နေရာတွေမှာ အပိုင်းလိုက်၊ အပိုင်းလိုက် ခွဲပြီးတော့ ထည့်ထားပါတယ်။ အဲဒီအထဲမှာ ကျောင်းသားကဏ္ဍမှာဆိုရင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ထည့်ထားပါတယ်။”
ကျောင်းသားသမဂ္ဂ အဆောက်အဦးဟာ တချိန်တုန်းက ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းမှာ တည်ရှိခဲ့တာဖြစ်ပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းမှာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ဖောက်ခွဲ ဖြိုချပစ်ခဲ့တာပါ။ အဲဒီအချိန်နောက်ပိုင်း ကတည်းက ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံကို မြန်မာနိုင်ငံတွင်း စာပေစိစစ်ရေး ခွင့်ပြုချက်နဲ့ တရားဝင် ထုတ်ဝေရတဲ့ စာအုပ်တွေမှာ ပုံနှိပ်ဖော်ပြခွင့် မရခဲ့တာကြောင့် ရာစုနှစ်ဝက်နီးပါး ကြာပြီး နောက်မှာမှ အများပြည်သူ ကြည့်ခွင့်ရတဲ့အထိ ပုံနှိပ် ဖော်ပြနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်သူကတော့ ၇ ဇူလိုင် အရေးအခင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်း ဦးနိုင်းနိုင်း ဖြစ်ပါတယ်။
“ဒီလို ပုံနှိပ်ခွင့် ဆိုတာကတော့ ရရမယ့်ဥစ္စာ အခု ရလာတာပေါ့ဗျာ။ အင်မတန် မင်္ဂလာရှိပြီး ဝမ်းသာစရာ ကောင်းတယ်လို့ ကျနော် မြင်ပါတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆိုတာက သမိုင်းမှာလည်း အင်မတန် အရေးကြီးတဲ့ Landmark ပေါ့ဗျာ၊ အမှတ်တရ နေရာဌာနကြီး ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ချီပြီး မင်္ဂလာရှိတဲ့ အဆောက်အဦးတခုက အမြဲတမ်းလို စဉ်ဆက်မပြတ် ရံဖန်ရံခါ စာနယ်ဇင်းတွေမှာ ပါသင့်တဲ့ဥစ္စာ နှစ်ပေါင်းများစွာ ဘယ်မှာမှ မမြင်ရဘူး။ ကျနော်ကတော့ သိမ်းထားပါတယ်၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံကို တလောကမှ ကျောင်းသားလူငယ်တွေကို ပြသေးတယ်။ ကျနော့်မှာ ဓာတ်ပုံ သေချာရှိတယ်။
“အဲဒီတော့ ဒီဥစ္စာကြီး ဒီမှာ လူသိရှင်ကြား၊ လူတွေ သိသင့်သိထိုက်တဲ့ဟာကို အများပြည်သူ မြင်တွေ့နိုင်အောင် ထုတ်ဝေခွင့်ရတယ် ဆိုတာကအစ အင်မတန် ကြီးမားတဲ့ မင်္ဂလာတရားတခု ဖြစ်ပေါ်လာတယ်လို့ ယူဆပါတယ်။ နောက်တခုက သမိုင်းဆိုတာ ဖျောက်လို့မရဘူး၊ ကွယ်လို့မရဘူး၊ ပြန်ပေါ်မှာပဲဆိုတဲ့ အဆိုအမိန့်က တယ်မှန်တာပဲ ဆိုတဲ့ဟာကို ခံစားရတယ်၊ ဝမ်းသိပ်သာတယ်ဗျာ၊ အဲဒီကိစ္စနဲ့ ပတ်သက်လို့။”
လက်ရှိမှာ NLD ရဲ့ ဗဟိုဦးစီးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနိုင်းနိုင်းဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ပုဇွန်တောင်မြို့နယ်ကနေ ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သလို နှစ်ရှည် အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်ပါတယ်။
အခု ထုတ်ဝေဖြန့်ချိလိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံအပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရစဉ် ကာလအတွင်း ရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ပုံတူ Sketch ပုံကြမ်း ၃ ခုလည်း ပါသလို ဗိုလ်ချုပ်ပုံနဲ့ ထုတ်ခဲ့ဖူးသမျှ ငွေစက္ကူတွေ၊ တခြား သမိုင်းဝင် ဓာတ်ပုံတွေလည်း ပါတယ်လို့ ထုတ်ဝေသူက ပြောပါတယ်။
ကိုယ်တိုင်က လူငယ်တဦးဖြစ်သလို မျိုးဆက်သစ် လူငယ်တွေအားလုံး ကြည့်ခွင့်ရအောင် အခုလို ပုံနှိပ်ဖော်ပြခွင့် ရခဲ့တဲ့အတွက် သူကိုယ်တိုင်လည်း အထူးဝမ်းသာရပါတယ်လို့ ထုတ်ဝေသူ ကိုဝင်းဇော်လတ်က ပြောပါတယ်။
“နောက်ပိုင်းလူငယ်တွေ အနေနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆိုတာကို မေ့လျော့နေပြီ။ မေ့လျော့နေပြီ ဆိုတဲ့အခါကျတော့ အခုလိုမျိုး စာအုပ်တအုပ်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ပြန်ပြီးတော့ ပုံနှိပ်ဖော်ပြခွင့် ရတဲ့အတွက် ကျနော် အရမ်းပဲ ဝမ်းသာပါတယ်။ အထူးသဖြင့် ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ရေးထားတဲ့ စာအုပ်ထဲမှာ ဖော်ပြခွင့် ရတဲ့အတွက်၊ အဓိကတော့ အခုလို ဗိုလ်ချုပ်အောင်ဆန်းကို လူတွေ ပြန်ပြီးတော့ လှိုက်လှိုက်လှဲလှဲနဲ့ ဗိုလ်ချုပ်စာအုပ်တွေ ဖတ်တဲ့အချိန်မှာ အားပေးကြတယ်၊ စိတ်ဝင်စားမှု ရှိကြတယ်ဆိုတဲ့ အချိန်၊ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် တအုပ်ထဲမှာ ဒီလိုမျိုး ထည့်ခွင့်ရတယ်၊ ပုံနှိပ်ဖော်ပြခွင့် ရတဲ့အတွက် ကျနော် အများကြီး ဝမ်းသာပါတယ်။ နောက်ပိုင်းလူငယ်တွေ အတွက်လည်း သမိုင်းဆိုင်ရာအားဖြင့် တန်ဖိုးတခုခု ရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
‘အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်’ စာအုပ်ကို ထုတ်ဝေသူ ကိုဝင်းဇော်လတ် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်း တခုကို ပြည်တွင်းထုတ် Messenger ဂျာနယ်မှာ ထည့်သွင်းဖော်ပြခွင့် ရခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးတဲ့ ပုဂံခရီးသွား ဆောင်းပါးကိုလည်း ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြနိုင်ခဲ့ပါတယ်။
အခု ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်နဲ့အတူ ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံကိုပါ ပုံနှိပ်ဖော်ပြခွင့်ရခဲ့တဲ့ တိုးမြစ် စာအုပ်တိုက်ကတော့ နောင်မှာလည်း အလားတူ ပုံနှိပ်ထုတ်ဝေခွင့်တွေ ဆက်ပြီးရသွားဖို့ မျှော်လင့်ထားပါတယ်။