မြန်မာစစ်အစိုးရ အာဘော် နိုင်ငံပိုင် သတင်းစာတွေမှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် ရေးသားနေမှုတွေဟာ အခြေအမြစ် မရှိတဲ့ ဝေဖန်မှုတွေ ဖြစ်တယ်လို့ ပါတီက ဒီကနေ့ တုံ့ပြန်လိုက်ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆက်လက် ထောက်ခံသွားမယ်လို့ ပြောကြားလိုက်တာဟာ ပါတီအနေနဲ့ သမိုင်းဂိတ်ဆုံးကို ဦးတည်သွားနေတာလို့ ဆောင်းပါးတစောင် ရေးသားလိုက်တဲ့ အပေါ်မှာ အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး NLD ရဲ့ သဘောထား အမြင်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းစေရေးအတွက် မြန်မာစစ်အစိုးရ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ကျင့်စဉ်များ ကင်းမဲ့မှု အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး စတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ လိုတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က NLD က ကြေညာချက်ထုတ်ပြီး ထောက်ပြ ပြောဆိုပါတယ်။
ဒီကြေညာချက် ထွက်ပေါ်လာပြီး သီတင်းတပတ်ကျော် အကြာမှာတော့ စစ်အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာတွေကနေ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမိုင်းလမ်းဆုံးကို ရောက်သွားမယ့် လမ်းကြောင်းလွဲကို ရွေးချယ်လိုက်တာလို့ ရေးသားလိုက်ပါတယ်။ ဒီလို ရေးသားလိုက်တဲ့အပေါ် ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို တုံ့ပြန်ပါတယ်။
“ဘာမှမဆိုင်ပါဘူးဗျာ၊ ပါတီ အဆုံးသတ်တာနဲ့၊ အမှန်အတိုင်း ပြောတာပါပဲ။ ကျနော်တို့က ပြည်သူလူထုဘက်က ရပ်ရမယ်၊ ပြည်သူလူထု အကျိုးအတွက် နိုင်ငံရေး လုပ်နေကြတာ ဖြစ်တယ်၊ အဲတော့ ပြည်သူလူထု ထိခိုက်တယ်၊ မထိခိုက်ဘူးဆိုတာ အမှန်အတိုင်း ကျနော်တို့ ပြောတာပဲ။ အဲဒါက တခုပါ။ ပါတီ ရပ်တည်ဖို့ လမ်းဆုံးကို ရောက်သွားစေတယ် ဘာညာ ဆိုတာကတော့ အဲဒီလူက ကြားထဲကဝင်ပြီး ခြိမ်းခြောက်တာလို့ပဲ ကျနော် ပြောချင်တယ်။ ဒီတော့ သူက ခြိမ်းခြောက်နိုင်တဲ့ သြဇာရှိတဲ့ လူလား၊ မပြောတတ်ဘူးပေါ့ဗျာ။ အဲဒါကတော့ တပိုင်းပေါ့။”
မြန်မာလူထုရဲ့ စီးပွားရေး အကျပ်အတည်းက အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် မဟုတ်ဘဲ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်၊ အနောက်နိုင်ငံကြီးတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေက စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ နိုင်ငံရဲ့ သယံဇာတတွေကို ရောင်းရငွေတွေကို မသမာတဲ့နည်းနဲ့ ထုတ်မသုံးနိုင်အောင်၊ တရားမဝင် ရထားတဲ့ ငွေမည်းကို ငွေဖြူအဖြစ် ခဝါမချနိုင်အောင် တားဆီးပေးထားတာ ဖြစ်တဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ထောက်ခံသွားမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရက သူတို့စိတ်ကြိုက် အစိုးရသစ် တရပ်ကို ပုံဖော်နေချိန်မှာပဲ နိုင်ငံရေးပါတီတချို့၊ အာဆီယံ နိုင်ငံတွေက အနောက်နိုင်ငံတွေကို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပေမဲ့ NLD ပါတီကတော့ ပိတ်ဆို့မှုကို ဆက်လက် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ဒီလို တောင်းဆိုနေတာဟာ နိုင်ငံရေး အကျိုးအမြတ်အတွက် တောင်းဆိုနေကြတာလို့ NLD က တုံ့ပြန် ပြောကြားလိုက်ပြီးတော့ ပိတ်ဆို့မှုကြောင့် ဖွံ့ဖြိုးရေး အကူအညီ ရရှိမှု နည်းပါးသွားတယ်လို့ ဝေဖန်နေသူတွေကိုလည်း ပြန်လည် ဖြေရှင်းထားပါတယ်။
NLD က အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ထားတာကိုလည်း အာဏာရယူလိုတဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ ဆောင်းပါးက စွပ်စွဲထားပါတယ်။
မြန်မာစစ်အစိုးရ အာဘော် နိုင်ငံပိုင် သတင်းစာတွေကနေ NLD ပါတီနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်တင် ပြောဆိုနေမှုတွေ အားလုံးမှာ ရေးသားသူ ကိုယ်တိုင်လည်း တာဝန်ယူမှု မရှိတဲ့အပြင် သတင်းစာတိုက်ကလည်း တာဝန်ယူမှု မရှိတာကြောင့် နာမည်မဖော်ရဲတဲ့ ပစ်စာအဆင့်ပဲ ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“အစိုးရ မီဒီယာက ရေးတယ်ဆိုတာ ဘယ်သူရေးမှန်း မသိဘူးဗျ။ ဟိုတုန်းက ကျနော်လည်း မဆလတုန်းကတည်းက သတင်းစာဆရာ လုပ်လာတာပဲ။ ခက်တာက အခုက ဘယ်သူရေးမှန်း မသိဘူး။ အဲဒီဆောင်းပါးကို သွားပြောပြန်တော့ အဲဒီလူကလည်း တာဝန်ခံတာ မဟုတ်ဘူးဗျ။ အခုဟာက နာမည်ဝှက်တွေ၊ နာလည်လိမ်တွေနဲ့ ဒီခေတ်မှာ အဲဒီလို ရေးကြတာ။ သဘောက ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်၊ ဘယ်သူ ဘယ်ဝါဆိုတာ။ အခုဟာက အဲဒီ မီဒီယာ သွားပြောရင်၊ အဲဒီမီဒီယာက အဲဒီဆောင်းပါးကို တာဝန်ယူလား သွားပြောရင် သူကလည်း အပေါ်ကခိုင်းလို့ ထည့်ရတာလို့ ပြောမှာပဲ။ ဒါတွေက ရိုးနေပြီ။ အဲဒီတော့ ကျနော်တို့က ဘယ်သူ့ တုံ့ပြန်ရမလဲပေါ့။ အဲဒီလို အမနာပ ပြောတာ၊ ပစ်စာ သဘောမျိုး ပြောတာကတော့ တရားဝင် ပြောတာမှ မဟုတ်ဘဲနဲ့။ ဘယ်သူ့သွား တုံ့ပြန်မှာလဲ။
“ဘယ်သူ့ သဘောထားလဲ၊ ဘယ်လောက် လေ့လာပြီးတော့ သူက ရေးတာလဲ၊ ကိုယ့်ကိုယ်ကိုတောင် တာဝန်မခံဘဲ နာမည်ဝှက်နဲ့ ရေးတယ်ဆိုရင် ကျနော်တို့က ဘယ်လိုလုပ် တုံ့ပြန်ပြီး ဖြေရှင်းနေမလဲ။ ကျနော်ပြောချင်တာက အဲဒါပဲ။ လူဆိုတာ အနည်းလေး ကိုယ့်ကိုယ်ကိုတော့ တာဝန်ခံရမှာပေါ့ဗျာ။ ကျုပ် ဘယ်သူပေါ့ဗျာ၊ နာမည်နဲ့ပြောပေါ့။ အခုဟာက ရန်ကြီးအောင်တဲ့၊ ရန်ကြီးအောင်ဆိုတာ ဘယ်သူမှန်းလဲ မသိဘူး။ အဲဒီ သွားမေးကြည့်၊ ရန်ကြီးအောင်ကလည်း တာဝန်မယူဘူး။ အဲဒီ အယ်ဒီတာ၊ သက်ဆိုင်ရာ မီဒီယာဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း တာဝန်ယူမှာ မဟုတ်ဘူး။ ခက်နေတာက ဒါပဲ၊ ကျနော်တို့နိုင်ငံမှာ။”
စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု အကူအညီတွေ လျော့နည်းလာတယ် ဆိုပေမဲ့ ၁၉၈၈ ခုနှစ် ရှေ့ပိုင်း ဗိုလ်ချုပ်နေဝင်း အစိုးရ လက်ထက်မှာ ဖွံ့ဖြိုးရေး အကူအညီ ဒေါ်လာ သန်းပေါင်း ၃,၇၀၀ ကျော် ရရှိခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဆင့်ကို ရောက်ခဲ့ရတယ်လို့ ပါတီက ထောက်ပြ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်း တချို့က စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျလာရတယ်လို့ ပြောကြားနေတဲ့ တဘက်မှာ စစ်အစိုးရက တပ်မတော်အစိုးရ လက်ထက် ဖွံ့ဖြိုးတိုးတက်မှု ထုတ်ပြန်မှုမှာတော့ မြန်မာနိုင်ငံဟာ တနှစ်ထက်တနှစ် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ပြောနေပါတယ်။