သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါငလျင် သေဆုံးသူ ၆ ထောင်ကျော်ရှိပြီ


နီပေါနိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ဆက်တိုက်တိုးနေပြီး ဒီကနေ့ သောကြာနေ့မှာ ၆၂၀၀ အထိ တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ စနေ ဧပြီ ၂၅ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အပျက်အစီးပုံတွေထဲကနေ သေဆုံးသူတွေရဲ့ အလောင်းတွေကို နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့တွေက ရှာဖွေ ထုတ်ယူနေတာနဲ့အမျှ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ဖွယ် ရှိနေပါတယ်။

နီပေါအစိုးရက သေဆုံးရသူ မိသားစုတွေအတွက် ဒေါ်လာ ၁ ထောင်စီအပြင် သင်္ဂြိုဟ်စရိတ် ဒေါ်လာ ၄၀၀ စီ ပေးနေပါတယ်။

Kathmandu မြို့တော်တဝှမ်း လူသေအပုပ်နံ့တွေ လွှမ်းနေတာကလည်း ဒေသခံအတော်များများကို စနေနေ့ ငလျင်လှုပ်ပြီးချိန်ကစပြီး မိမိတို့ရဲ့ နေအိမ်တွေမပြန်ဘဲ လေဟာပြင်မှာ အိပ်စက်စေတဲ့ အဓိက အကြောင်း ဖြစ်နေပါတယ်။

ငလျင်ဒဏ်ကြောင့် လူပေါင်း ၈ သန်းကျော်ကို ထိခိုက်စေသလို အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူက ၂ သန်းထက်မနည်း ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အသက်ရှင်လျက် ကျန်နေသူ နှစ်ဦးကိုလည်း မြို့တော် Kathmandu မှာ ကယ်ဆယ်ရေးသမားတွေက ကယ်တင်နိုင်ခဲ့ကြပါတယ်။ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် ယောကျာ်လေး ၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ နောက်အမျိုးသမီးတဦးကိုလည်း အပျက်အစီးပုံတွေထဲကနေ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ သန်းနဲ့ချီတဲ့ ငလျင်ဒဏ်ခံခဲ့ရသူတွေအတွက် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ နေစရာနေရာတွေ ကူညီထောက်ပံ့နိုင်ဖို့အတွက် နိုင်ငံတကာကို တောင်းခံထားပါတယ်။

XS
SM
MD
LG