သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုတားဆီးရေး အရေးပေါ်အစီအစဉ်ပြင်ဆင်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်ပုံဟောင်း)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

ကူးစက်မြန် Omicron ကိုဗစ်ပိုးကူးစက်သူမြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ လူကုန်ကူးတွေနဲ့ တရားမဝင် ဝင်လာသူတွေ တားဆီးရေးအပါအဝင် အရေးပေါ် အစီအစဉ်တွေ ပြင်ဆင်ထားဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ထိုင်းပြည်ထဲရေးဌာနက ညွှန်ကြားထားပါတယ်။ မြန်မာနိုင်ငံက တရားမဝင် ဝင်လာသူတွေထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေသူတွေပါတဲ့အတွက် ခုလို ညွန်ကြားဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေကလည်း နေ့စဉ်ရှိနေတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ အိုမီခရွန် ကိုဗစ်ပိုး ကူးစက်သူတွေ ပိုများလာနေတာကြောင့် ကိုဗစ်ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးဖို့ အရေးပေါ်အစီအမံတွေ ပြင်ဆင်ထားပါလို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကို ထိုင်းပြည်တဲ့ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် Suttipong Juljarern က ညွန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲ ကိုဗစ်ကူးစက်နေသူတွေထဲ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေလည်း ပါနေတဲ့အတွက် လူမှောင်ခိုတွေနဲ့ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေ တားဆီးရေးကိုပါ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံမှာ ၇၇ ပြည်နယ်ရှိတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဆီကို ညွှန်ကြားချက်တခု ထုတ်ပြန်လိုက်ပါတယ်။ ညွန်ကြားချက်ထဲမှာအချက် ၃ ချက်ပါတယ်။ နံပါတ် (၁) ကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက နယ်ခြားစောင့်ကင်းတပ်ဖွဲတွေရဲ့ကင်းလှည့်တဲ့လုပ်ငန်းတွေကို ပိုမိုအလေးထားဆောင်ရွက်ဖို့။ နံပါတ် (၂) ကတော့ ရပ်ရွာတွေ ပိုမိုစစ်ဆေးအရေးယူတာတွေလုပ်ဖို့။ နံပါတ် (၃) ကတော့ လူကုန်ကူးသူတွေ၊ တရားမဝင် နေထိုင်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့။ ဘာကြောင့်လဲဆိုတော့ အိမ်နီးချင်း မြန်မာနိုင်ငံသားတွေ ခိုးဝင်လာချိန်မှာ ကိုဗစ်စစ်ဆေးတော့ ကူးစက်တာတွေရှိတယ်။ လူမှောင်ခိုလုပ်ငန်းတွေကို ထိထိရောက်ရောက်အရေးယူချင်တာတွေရှိတယ်။”

ဖေဖေါ်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက် ၂ ရက်အတွင်းမှာပဲ ထိုင်းမြန်မာနယ်စပ်တွေမှာ လူကုန်ကူးသူတွေ တရားမဝင်ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ လောက် အစုလိုက်အပြုံလိုက်ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ ခိုးဝင်မြန်မာ ၂၁၈ ဦး အဖမ်းခံရတယ်။ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာတော့ ဆောင်ခလာပြည်နယ်၊ ဟတ်ရိုင်မြို့နယ်ထဲက တောထဲမှာ မြန်မာ ၂၂ ဦးဖမ်းမိတယ်။ တဆက် တည်း ချင်းရိုင်ပြည်နယ်ထဲမှာ တရားမဝင်မြန်မာ ၃၀ ဖမ်းခံရတယ်။ တာခ့်ပြည်နယ် တန်ဆောင်ရမ်းမြို့နယ်ထဲမှာလည်း တရားမဝင် ၃၀ ဖမ်းခံရတယ်။ ဒီ၂ ရက်အတွင်းမှာ လူ ၃၀၀ လောက်ဖမ်းခံရပါတယ်။”

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁၉,၀၀၀ နီးပါး တနင်္ဂနွေနေ့က စံချိန်တင် များခဲ့ပါတယ်။ ခုလို အိုမီခရွန်ကိုဗစ်ပိုး ကူးစက်သူတွေအပါအဝင် ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေများလာတဲ့အတွက် အရေးပေါ် အစီအမံတွေကို ကြပ်ကြပ်မတ်မတ်လုပ်ဖို့ ထိုင်းပြည်ထဲရေးဌာနက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားနေတာဖြစ်ပါတယ်။ တရားမဝင် လူကုန်ကူးမှုကို နှိမ်နှင်းနိုင်ရေး နယ်စပ်တွေမှာ ကင်းလှည့်မှုတွေ တိုးမြှင့်လုပ်ဖို့၊ ရှောင်တခင် စစ်ဆေးမှုတွေ ပိုလုပ်ဖို့ လူကုန်ကူးသူတွေနဲ့ တရားမဝင် ဝင်လာမှုတွေအကြောင်း ပြည်သူတွေကြား ပိုပြီး သတိရှိဖို့အပြင် လူကုန်ကူးတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို အလုပ်အကိုင်ပေးထားသူတွေအပေါ် အရေးယူဖို့အတွက်လည်း ထိုင်းပြည်ထဲရေးဌာနက ညွှန်ကြားထားပါတယ။်

#MyanmarMigrants #ThailandHumanTrafficking #ThailandMigrants #VOA #ထိုင်းကိုဗစ် #လူကုန်ကူးမှု #အိုမီခရွန် #မြန်မာနိုင်ငံ #ဗွီအိုအေ

=============

[[Unicode]]










=============

XS
SM
MD
LG