ကျင်းပဆဲ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးတွေက ဖြေကြားခဲ့ကြသလို အဆိုတွေကိုလည်း ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးတွေရဲ့ အဖြေတွေဟာ ယေဘုယျသဘော ဆောင်ပြီး သိုင်းဝိုင်းဖြေကြားခဲ့ကြသလို လိုချင်သလို အဖြေမျိုးတော့ မရဘူးလို့ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ရှိသလို ပြန်ဖြေတဲ့အပေါ် သိပ်မကြိုက်လှဘူး ဆိုရင်တောင် မေးတယ်၊ ပြန်ဖြေတယ်ဆိုတဲ့ အခြေအနေ ဖြစ်လာတာကတော့ အပေါင်းလက္ခဏာ ဖြစ်တယ်လို့ မြင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လည်း ရှိပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးတွေထဲက အခြေအနေကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မေးတဲ့ မေးခွန်းတွေကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဦးဌေးဦးနဲ့ သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့်တို့က ပြန်လည် ဖြေကြားခဲ့ကြပြီး ပြည်သူ့လွှတ်တော်မှာတော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးလှထွန်းတို့က ပြန်လည် ဖြေကြားခဲ့ကြပါတယ်။
အမျိုးသားလွှတ်တော်က မေးခွန်းတွေကတော့ ဒီရေတား တမံရှည်ကြီးတွေ တည်ဆောက်ဖို့ ရှိ မရှိ၊ လယ်ယာမြေ တိုးမြှင့် ဖော်ထုတ်ရေးကိစ္စ၊ ဖားကန့်မှာ ကျောက်စိမ်းတူးလို့ ချောင်းတိမ်ကောနေတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။ ဝန်ကြီးတွေက ပြန်ဖြေတာတွေအပေါ် ဦးဖုန်းမြင့်အောင်က အခုလို မှတ်ချက်ပေးပါတယ်။
“ကိုယ်လိုချင်တဲ့ အဖြေတော့ မရဘူးပေါ့ဗျာ။ ကိုယ်လိုချင်တဲ့အဖြေ မရလည်း သူတို့ အကျိုးအကြောင်းနဲ့ ပြောတဲ့ကိစ္စ ကိုယ်က ထပြီး ကန့်လန့်တိုက်ဖို့ အခြေအနေ မပေးဘူးပေါ့။ တရက်တရက် ပြောတာဆိုတာတွေတော့ များလာတယ်ပေါ့ဗျာ။ များလာပေမဲ့ ငြင်းကြခုံကြတဲ့ အဆင့်တော့ မရောက်ဘူးပေါ့ဗျာ။ ဒီကမေးတယ်၊ ဝန်ကြီးတွေက လှလှပပ၊ သိုင်းသိုင်းဝိုင်းဝိုင်း နိုင်ငံတော်ကြီးကို ဘယ်လိုတည်ဆောက်ပြီး ဘယ်လို အကောင်အထည်ဖော် လုပ်ကိုင်နေတဲ့အကြောင်း၊ ဝန်ကြီး ဦးဌေးဦးဆိုရင် လှေငယ်လေးနဲ့ လျှောက်သွားပြီးတော့ ကွင်းဆင်း စစ်ဆေးကြည့်ရှုတဲ့ အကြောင်းတွေဘာတွေ၊ ဝန်ကြီးတွေ စွမ်းစွမ်းတမံ လုပ်ဆောင်ချက်တွေ သူတို့ ထည့်ပြောသွားတာပေါ့။”
ပြည်သူ့လွှတ်တော်ဘက်မှာတော့ ပြန်ကြားရေးနဲ့ဆိုင်တဲ့ မေးခွန်းနှစ်ခု၊ ဘဏ္ဍာအခွန်နဲ့ ဆိုင်တဲ့ မေးခွန်းနှစ်ခုဆီကို သက်ဆိုင်ရာ ဝန်ကြီး ၂ ဦးက အသီးသီး ပြန်လည် ဖြေကြားခဲ့ကြပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ဆိုင်တဲ့ စာအုပ်တအုပ် ထုတ်ဝေခွင့် မရတဲ့ကိစ္စ၊ စကားမပြောနိုင်တဲ့ လူတွေအတွက် ကိုယ်ဟန်အမူအရာနဲ့ တင်ဆက်ပေးဖို့ အစီအစဉ် ရှိ မရှိ၊ ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေအတွက် လစာတိုးပေးဖို့ အစီအစဉ် ရှိ မရှိ၊ လာဘ်ပေးလာဘ်ယူကိစ္စ စတာတွေကို မေးမြန်းခဲ့ကြတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
အဖြေတွေအပေါ် အားရတာ မရတာထက် အခုလို ဖြစ်လာတာကို အပေါင်းလက္ခဏာလို့ သူက မြင်ပါတယ်။
“ဒီနေ့ သက်ဆိုင်ရာ ဝန်ကြီးတွေက မေးခွန်းတွေကို မနေ့ကရော၊ ဒီနေ့ရော တာဝန်ခံပြီး ဖြေကြားတာပေါ့ဗျာ။ ဒါကတော့ ထူးခြားမှုပေါ့။ မြန်မာပြည်မှာ ဒီဘက် အနှစ် ၂၀ မှာ မေးခွန်းမေးတာကို ပြန်ဖြေတာတို့၊ တာဝန်ခံမှုစနစ်တို့ စပေါ်လာတာပေါ့ဗျာ။ တချို့ သူတို့ ဖြေကြားခဲ့တာ ကျနော်တို့ ခံတွင်းတွေ့ချင်မှ တွေ့မှာပေါ့ဗျာ။ တွေ့ချင်လည်း တွေ့မယ်၊ မတွေ့ချင်လည်း မတွေ့ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီလို မေးခွန်းတွေကို ပြန်ဖြေလာတဲ့ အခြေအနေသစ်မျိုး ပေါ်လာတာကတော့ ဒါ လွှတ်တော်နိုင်ငံရေးကို စတင်နိုင်ခဲ့တဲ့ အတွက်ကြောင့်ပေါ့ဗျာ။ ဒါကတော့ အပေါင်းလက္ခဏာပါ။”
ပြီးခဲ့တဲ့ရက်က တင်သွင်းထားတဲ့ သဘာ၀ ဘေးအန္တရာယ်နဲ့ဆိုင်တဲ့ အဆိုတခုကတော့ သဘောတူညီချက် ရသွားပြီမို့ ဥပဒေမူကြမ်းအထိ ဖြစ်သွားနိုင်တဲ့ အခြေအနေ ရှိသွားပြီလို့ ဦးသိန်းညွန့်က ပြောပါတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ အဆိုတခုကတော့ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ပြန်လည် ရှင်းလင်းပြီးတဲ့နောက် ပြန်ရုပ်သိမ်းပေးဖို့ တင်ပြတဲ့အတွက် အဆိုတင်သွင်းသူက ပြန်ရုပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ နန်းခမ်း မဲဆန္ဒနယ်က ဒေါက်တာစိုင်းကျော်အုန်း တင်သွင်းထားတဲ့ ဝင်ငွေနည်း ပြည်သူများအတွက် ဆေးကုသခွင့် အာမခံချက်ရှိတဲ့ အမျိုးသား ကျန်းမာရေး စနစ်တခု ထူထောင်ဖို့ဆိုတဲ့ အဆိုဖြစ်ပါတယ်။ အဲဒီအဆိုကို တခြား လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် ထောက်ခံခဲ့တဲ့အတွက် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ပြန်လည် ရှင်းလင်းခဲ့တာပါ။
“ကျန်းမာရေးဝန်ကြီး ဦးကျော်မြင့်ကတော့ ဆင်းရဲသားများအတွက် ဆေးရုံတွေမှာ အခမဲ့ ဆေးကုပေးတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထောင်ထားတယ် ဆိုတဲ့အကြောင်း၊ ဆေးပဒေသာပင်တွေ ဖွင့်ထားတယ် ဆိုတဲ့အကြောင်း၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုကနေ ရတဲ့ ငွေကြေးကနေ ဆေးဝါးတွေ ထောက်ပံ့နေတယ် ဆိုတဲ့အကြောင်း၊ အခမဲ့ ဝန်ဆောင်မှု ပေးထားတယ် ဆိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံမှာ ဘတ် ၃၀ နဲ့ ကျန်းမာရေး အာမခံချက် စနစ်ကလည်း အခု ပယ်ဖျက်ထားပြီး ဖြစ်တဲ့အကြောင်းပေါ့၊ အဲဒီလို ရှင်းပြပြီးမှ အဆိုကို ပြန်ရုပ်သိမ်းဖို့ တင်တာပေါ့ဗျာ။”
ဒါပေမဲ့ နောက်ဆုံးမှာ လွှတ်တော်ဥက္ကဋ္ဌက သူ့ရဲ့သဘောထား အနှစ်ချုပ် ပြောတဲ့အခါမှာတော့ အလုပ်အကိုင် မရှိတဲ့လူတွေ၊ ရှိပေမဲ့ ဝင်ငွေနည်းတဲ့ လူတွေကို အလုပ်ရှင်တွေနဲ့ အစိုးရက ကူညီဖို့ဆိုတဲ့ အချက်ကိုတော့ သက်ဆိုင်ရာက အခြေအနေပေးသလို ဆောင်ရွက်သွားနိုင်ရေး ပေးပို့ဖို့ လွှတ်တော်က မှတ်သားထားမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။
လွှတ်တော် အစည်းအဝေးတွေကို မတ်လ ၁၁ ရက်၊ သောကြာနေ့မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး မေးခွန်းမေးတာနဲ့ ပြန်လည် ဖြေဆိုတာတွေ၊ အဆိုတင်သွင်းတာတွေနဲ့ ဆွေးနွေးတာတွေကို ဆက်လုပ်သွားကြမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ၁၅ မိနစ်လောက်ပဲ ကြာခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ဒီရက်ပိုင်းတွေမှာတော့ နာရီအတော် ကြာမြင့်လာပြီး ကြာသပတေးနေ့ အစည်းအဝေးတွေကတော့ စံချိန်တင် ကြာခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။